မောင်က ဒါသုံးတာလား...ဟုတောင်စိတ်ထဲကတွေးလိုက်သေးသည်။ သူ့အတွက်ဆိုတာကိုတော့မသိ။

မျက်နှာသစ်ရေချိူးပြီး အသင့်ထားပေးထားသော အဝါရောင် Bathrobe သေးသေးလေးကို ကောက်ဝတ်လိုက်ပြီးထွက်ခဲ့သည်။ ကုတင်ပေါ်တွင် အဖြူရောင် တီရှပ်နှင့် အညိုရောင် ချည်ဘောင်းဘီ အရှည်တစ်စုံတင်ထားသည်။

ခွန်းကိုကြည့်တော့ ပြတင်းပေါက်နား မတ်တပ်ရပ်ကာ အပြင်ကိုလှမ်းကြည့်နေသည်။

တိမ်တိုက်လည်း အဝတ်လဲလိုက်ကာ ခုံပေါ်ရှိ ပေါင်ဒါနှင့် လိုးရှင်းကို ကောက်လိမ်းလိုက်သည်။ ခွန်း၏ အခန်းတစ်ခုလုံး ကလေးနံ့များ မွှေးထုံသွားသည်။ မသိလျှင် သည်အခန်းအတွင်း မွေးကင်းစ ကလေးပေါက်စန ရှိသည်ဟုထင်ရသည်။

'' မောင်လည်း ဘေဘီမှိုင်း သုံးတာလား ''

ဘေဘီမှိုင်း ကထုတ်တဲ့ baby cream လေးကို မျက်နှာတွင် ပွတ်လိမ်းရင်းမေးသည်။ မေးသာမေးလိုက်သော်လည်း တိမ်တိုက်စိတ်ထဲ ထူးဆန်းနေသည်။ ဘေဘီမှိုင်းဘူးတွေ အကုန်လုံးက သူ ပါကင်ဖောက်ရကာ သုံးရတာအသစ်နှင့်တူနေသည်။

'' မင်းအတွက်လေ ''

'' ဟမ် ''

'' ဟမ်မနေနဲ့ ကော်ဖီလာသောက်တော့ ပြီးရင် သွားရမယ် ''

'' အိုကေ ဆရာ ''

စားပွဲပေါ်က ယှဥ်ချထားသော နှစ်ခွက်ထဲမှ အဝါရောင်ခွက်ကို အရင်ယူလိုက်ပြီး မြည်းကြည့်သည်။ မိုင်ကော်ဖီအရသာကို ခေါင်းလေးတငြိမ်ငြိမ့်ဖြင့် သောက်နေသည်။ နောက်တော့ အနက်ရောင်ခွက်ကိုထပ်ယူလိုက်ပြီး တစ်ငုံသောက်ကာ ခွန်းကို ကမ်းပေးလိုက်သည်။ ထိုအခါမှ ခွန်းကော်ဖီစသောက်တော့သည်။

ခွန်းလုပ်ပေးသည့် စတော်ဘယ်ရီ ယိုသုတ်ထားသော ပေါင်မုန့်ကို စားနေရင်း ခွန်းရေချိူးနေတာကို စောင့်နေလိုက်သည်။ နောက်တော့ရေကျသံရပ်သွားပြီး ရေချိူးခန်းထဲမှ အောက်ပိုင်းကိုသာသဘက်ဖြင့် ပတ်ထားပြီး အပေါ်ပိုင်းဗလာဖြင့်ထွက်လာသည်။ ကျစ်လစ်တင်းရင်းနေသော လက်မောင်းသားနှင့် ရင်အုပ်ကျယ်ကြီးတို့တွင် ရေစက်ကလေးများမှာ ရှက်ရွံ့စွာဖြင့် ခိုကပ်နေသေးသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now