"အပြင်မှာ တခြားသူ မရှိဘူး။ အိမ်မှာပဲ သံသယတွေ အများကြီး ပွားနေတဲ့ သိုးကြီးတစ်ကောင် ရှိတာ...ကိုယ်ဒီည စောစော ပြန်လာမယ်၊ စိတ်မပူနဲ့"

ရန်ကျားလိသည် ယုံတစ်ဝက် မယုံတစ်ဝက်နှင့် ယဲ့ထင်ကို လွှတ်ပေးလိုက်ရသည်။

သူ ဆိုဖာပေါ် ပြန်ထိုင်လိုက်သောအခါ အားဖူက  သူ့ပေါင်ပေါ်သို့ ခုန်တက်လာပြီး သက်တောင့်သက်သာနှင့် လှဲနေသည်။

ရန်ကျားလိသည် တစ်ဖက်က ကြောင်မွေးများကို ပွတ်သပ်နေရင်း တစ်ဖက်ကလည်း မျက်မှောင်ကြုတ်လျက် ယဲ့ထင်တစ်ယောက် ထွက်ခွာသွားသည့် လားရာကို ကြည့်နေကာ တစ်နေရာရာကတော့ မူမမှန်တော့ဘူးဟုသာ ခံစားနေမိသည်။

ရန်ကျားလိဘက်က ဦးနှောက်ခြောက်မတတ် စဥ်းစားနေသလောက် ဖန်လင့်ယီဘက်ကတော့ ပျော်လွန်းလို့ သေမတတ်ပင်။

လွန်ခဲ့သည့် ရက်အနည်းငယ်တွင် ရှောင်ရှတစ်ယောက် နေ့တိုင်းလိုလို ရောက်လာခဲ့ပြီး ယဲ့ထင်သည်လည်း ညစာစားချိန် ကွက်တိ ပုံမှန် ပြန်လာခဲ့သည်။ သူတို့နှစ်ဦးသည် စစချင်းတွင် စကားဖလှယ်မှုပင် မရှိနေရာမှ ယခုအခါ ရယ်လိုက်မောလိုက် စကားစမြည်ပြောလိုက်နှင့် ဖြစ်နေသည်ကို ဖန်လင့်ယီတစ်ယောက် မျက်စိနှင့် တပ်အပ်မြင်ခဲ့ပြီ ဖြစ်သည်။ အေးဆေး သက်ငြိမ်သော အနေအထားတွင် အတူတကွ ထမင်းစားကြရုံမက ထမင်းစားပြီးချိန်တွင် ယဲ့ထင်ဘက်မှ စတင်ပြီးတော့ကို ရှောင်ရှအား လိုက်ပို့ပေးမည်ဖြစ်ကြောင်း ပြောလာတတ်သည်။

ဖန်လင့်ယီက ရှအိမ်ဘက်သို့ ထောက်လှမ်းကြည့်သောအခါ ရှောင်ရှတစ်ယောက် နေ့စဥ်နေ့တိုင်း အတော်လေး ညည့်နက်ကာမှ ပြန်လာသည်ဟု ကြားသိလိုက်ရသည်။

ဖန်လင့်ယီသည် ထိုသတင်းကို ကြားသည်နှင့် ဝမ်းသာအားရ ဖြစ်သွားပြီး အိမ်ဖော်အဒေါ်နှင့် တိတ်တခိုးလေး ကျီဆယ်တော့သည်။

"အဲ့ကလေး နှစ်ယောက်ကို ကြည့်ပါဦး။ အိမ်ပြန်လိုက်ပို့ပေးမယ် ပြောနေပေမယ့် လမ်းလေးလျှောက်ရင်း ချိန်းတွေ့ကြမယ်ဆိုတာ အသိအသာကြီး။ ဒါက ငါ့ကို ဘာတွေများ ဖုံးကွယ်စရာ ရှိလို့လဲ။ တကယ်ကို ရှက်တတ်ကြတာပဲ"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now