လီတာ့က ခပ်ဖျော့ဖျော့နှင့် အင်းဟုအသံပြုကာ

"ယောက်ျားစကားပါ၊ ကတိတည်ပါတယ်"

ရန်ကျားလိ ပြုံးပြဖို့ရန် နှုတ်ခမ်းပင် မပင့်တင်ရသေးခင်မှာပဲ လီတာ့က ဆက်ပြောသည်။

"ဒါပေမဲ့၊ သူ အရင်တုန်းကလို မာနကြီးပြီး တစ်ကိုယ်ကောင်း ဆန်နေဦးမယ်၊ အရင်ကလို ယုတ်မာပြီး အကျင့်မကောင်းတဲ့ ဗီလိန်လိုမျိုး တစ်ခုခု လုပ်နေဦးမယ် ဆိုရင်တော့ ကျွန်တော် သူ့ကို နည်းနည်းလေးမှ သနားမှာ မဟုတ်ဘူးနော်။ ချက်ချင်း ထွက်သွားခိုင်းမှာ"

ရန်ကျားလိသည် အချိန်အတော်ကြာ စဥ်းစားနေပြီးမှ လေးလေးနက်နက်နှင့် ခေါင်းညိတ်လိုက်ကာ

"ဟုတ်ပြီ၊ မင်းပြောတဲ့ အတိုင်းပဲ"

ထိုနေ့က တစ်နေ့တာ လေ့ကျင့်မှု ပြီးသည့်နောက် ရန်ကျားလိသည် ကျောပိုးအိတ် လွယ်လိုက်သည်။ ဆေးရုံသို့ တစ်ခေါက်သွားကာ ဝမ်ယန်ကို
သွားကြည့်ပြီး တစ်လက်စတည်း ထိုကိစ္စကို ဝမ်ယန်ကိုပါ ပြောပြလိုက်ဦးမည်ဟု ပြောကာ ခပ်သုတ်သုတ် ထွက်သွားခဲ့သည်။

ရန်ကျားလိ ထွက်သွားပြီးနောက် လီအော့က လီတာ့အနား ရောက်လာသည်။

လီတာ့သည် ဂစ်တာကို case ထဲ ပြန်ထည့်နေချိန်ဖြစ်ပြီး သီချင်းတေးသွားများနှင့် Music stand ကို သိမ်းဆည်းနေသည်။

လီအော့က လီတာ့ခါးကို ထိုးဆိတ်လိုက်ကာ တိုးတိုးလေး မေးသည်။

"ကော၊ အဲ့အချိန်ကျ ဝမ်ယန်ကို အနိုင်မကျင့် လောက်ပါဘူးနော်"

လီတာ့၏ လက်မှ လှုပ်ရှားမှုများက ရပ်တန့်သွားပြီး မျက်​မှောင်ကြုတ်လျက်သားနှင့်

"ငါကဘာလို့ သူ့ကို အနိုင်ကျင့်ရမှာလဲ"

လီအော့က ပြက်ရယ်ပြုသလိုနှင့် ပြောလာသည်။

"ကောကသူ့ကို ကြည့်မရ ဖြစ်နေတာ မဟုတ်ဘူးလား။ အခုကသာ အောင့်သက်သက်နဲ့ သဘောတူလိုက်ပေမယ့် လူတကယ် ရောက်လာတဲ့အခါကျတော့ ကောက သူ့ကို နှိပ်စက်တာတို့၊ နည်းလမ်းတွေ စဥ်းစားထားပြီး သူ့ကို ဒုက္ခရောက်အောင် လုပ်မှာတို့ကိုပဲ ကျွန်တော်ကြောက်တာ။ အဲ့လိုဆို သူ ပြန်ထွက်သွားအောင် ရှောရှောရှူရှူ လုပ်နိုင်လိုက်မယ်လေ။ ရန်ကောမှာလည်း သူ့ကို ကာကွယ်ဖို့ နည်းလမ်း မရှိတော့ဘူး"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now