အခန်း(၃၀)(Uni+Zaw)

Start from the beginning
                                    

မျက်နှာသစ်ပြီးသွားတော့ စောမင်းထွဋ် တစ်ယောက် အိမ်ရှေ့ ၀ရံတာလေးမှာ ထိုင်နေလေသည်။ ဒေါ်နန်းအုန်းရွှေ၊ ဒေါ်စန်းရီနှင့် ‌ဦးတင်ထွဋ်တို့ကတော့ ဈေးသွားဖို့အတွက် ပြင်ဆင်နေကြလေသည်။ စောမင်းထွဋ်မှာတော့ မှိုင်မှိုင်တွေတွေဖြင့် ထိုင်နေလေရဲ့။ ခါတိုင်းဆိုလျှင် အစောကြီး ထပြီး မယ်ဇလီဖူး ခူးခဲ့ရသည် မဟုတ်ပါလား။ မယ်ဇလီဖူး ခူးပြီးတော့လည်း ဈေးရောင်းဖို့အတွက် ပြင်ဆင်ခဲ့ရလေသည်။ အခုတော့ အဲ့တာတွေ တစ်ခုမှ မလုပ်ရတော့ စောမင်းထွဋ် တစ်ယောက် ပျင်းလို့နေလေ၏။

ဒါနဲ့ တစ်ယောက်ထဲ အိမ်မှာ ပျင်းပျင်းနဲ့ ကျန်နေခဲ့ရမည်ကို တွေးမိပြီး စောမင်းထွဋ် အစောကြီးကတည်းက အပျင်းတစ်နေတော့သည်။ ဒါကြောင့် စောမင်းထွဋ် ဈေးလိုက်သွားဖို့ကို ဆုံးဖြတ်လိုက်ရလေသည်။ ဈေးကို မရောက်သည်မှာလည်း နှစ်ရက်ပင် ရှိနေလေပြီ။ ဒါကြောင့် ဈေးလိုက်သွားဖို့ ဆုံးဖြတ်လိုက်ရတာဘဲ ဖြစ်သည်။

ခဏနေတော့ ဈေးသွားမယ့်သူတွေ အိမ်ပြင်သို့ ထွက်လာကြလေသည်။ ဒါနဲ့ စောမင်းထွဋ်လည်း အတူလိုက်သွားဖို့ ပြောလိုက်ပါတော့သည်။ ဈေးသွားမယ့် သူများကလည်း စောမင်းထွဋ် လိုက်လာမှာကို မတားပေ။ ဒီအတိုင်း လိုက်ခဲ့ဖို့ ပြောလာတော့၏။ ဒီလိုနှင့် ဦးသန်းထွဋ်ကို အိမ်တွင် တစ်ယောက်ထဲ ထားခဲ့ကာ ဈေးသို့သွားကြလေသည်။

တစ်နာရီလောက် ဈေးသွားလို့ အပြီးမှာတော့ အိမ်သို့ ပြန်လာကြတော့သည်။ ဈေး၀ယ်သွားကြတဲ့ သူများက အိမ်ခြံ၀န်းထဲ ၀င်လာတော့ ဒူးတစ်ဖက် ထောင်ထားကာ အိမ်‌ရှေ့၀ရံတာလေးတွင် ထိုင်နေသည့် ဦးသန်းထွဋ်ကနေမှ ထလာပြီးတော့ ပစ္စည်းပစ္စယများကို သယ်ကူဖို့ အနားသို့ ရောက်ချလာပါတော့သည်။

"အမလေး...... မလိုပါဘူး ဖိုးကြီးရယ်" ဟု ဒေါ်စန်းရီက ပြောလိုက်သည်။

ဒေါ်စန်းရီက မလိုဘူးဟု ပြောပေမယ့်လည်း ဦးသန်းထွဋ်မှာ အမဖြစ်သူ လက်ထဲက အထုပ်တွေကို ယူလိုက်ပါသေးသည်။

ပြီးနောက် "သယ်ပေးမယ့်သူ ရောက်လာတာကို...... ဘာလို့ မလိုဘူးလို့ ပြောရတာလည်း မီးမီးကလည်း လာသယ်ပေးတဲ့သူ စိတ်မကောင်း ဖြစ်အောင်လို့" ဆိုကာ ဦးသန်းထွဋ် ပြောလိုက်ပါလေသည်။

၁၉၉၀....ဆီသို့[Complete]Where stories live. Discover now