(TN/ အရင်ကလည်း ခဏခဏ ထိုးနေတာလို့ ပြောချင်တာဖြစ်မယ်)

ယဲ့ထင်သည် အလိုလို ရယ်လိုက်မိပြီး

"ဆိုးပြန်ပြီကွာ"

ရန်ကျားလိက ညည်းသံပြုရင်း

"မင်း ဂရုမစိုက်နဲ့၊ ဒါက ငါ့အတွက် အာနိသင်အရှိဆုံး ဖြေလျော့တဲ့ နည်းလမ်းပဲ"

ယဲ့ထင်သည် သူ၏ တစ်ခါတရံ ပေါ်ပေါ်လာတတ်သည့် ကလေးတစ်ယောက်လို ပြုမူပုံစံပုံကို ကြည့်နေရင်း ခေါင်းတယမ်းယမ်းနှင့် ရယ်လိုက်မိသည်။ စကားပြောဖိုကြံတုန်း ခေါင်းမော့ကြည့်လိုက်သောအခါ လှေကားထစ်တွင် ရပ်နေသည့်လူကို တွေ့လိုက်ရသည်နှင့် မျက်နှာအရောင်က ပြောင်းလဲသွားကာ ခေါင်းငုံ့ပြီး ရန်ကျားလိ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

"ပေါင်ပေါင်း၊ အရင် ရပ်လိုက်ဦး"

ရန်ကျားလိက လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး

"ဘာလုပ်တာလဲ"

အနောက်ဘက်မှ မပြင်းလွန်း မပျော့လွန်းသည့် ချောင်းဟန့်သံက ပျံ့လွင့်လာသည်။

ရန်ကျားလိသည် ရုတ်တရက် ခေါင်းလှည့်ပြီး ကြည့်လိုက်သောအခါ လှေကားထစ်ပေါ်တွင် အလွန်ကြော့ရှင်းပြီး အတော်လေး ဟန်ပန်အမူအရာ ရှိသည့် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ အဝတ်အစားက သပ်ရပ် ပြောင်မြောက်နေကာ ပြင်ဆင်ခြယ်သထားပုံမှာလည်း လိုက်လျောညီထွေ ရှိလှပြီး မျက်နှာကျမှာလည်း နူးညံ့သိမ်မွေ့ကာ အထက်စီးဆန်သည့် ပုံစံမျိုး မရှိဘဲ တစ်ကိုယ်လုံးအနှံ့ ပြီးပြည့်စုံမှုတို့ဖြင့် အားမာန် တက်ကြွနေသည်။

ရန်ကျားလိသည် မျက်လုံးပြူးသွားပြီး ယဲ့ထင်ထံ ခေါင်းစောင်းပြသည်။

ယဲ့ထင်က သရော်ပြုံး ပြုံးလိုက်ပြီး

"ကိုယ့်အမေ"

ရန်ကျားလိသည် လန့်ဖြန့်လွန်း၍ ခဏတွင်းချင်း အသက်ရှူသံပါ ရပ်သွားတော့မလို ဖြစ်လာလေ၏။

သူသည် မြန်မြန်သွက်သွက် မတ်တတ်ရပ်လိုက်ပြီး အင်္ကျီကို ဆွဲလိုက်ကာ ဝရုန်းသုန်းကားနှင့် ယဲ့ထင်၏ အင်္ကျီကြယ်သီးများကိုပါ ပြန်တပ်ပေးလိုက်ပြီး စိတ်လှုပ်ရှားစွာနှင့် တံတွေးမျိုချလျက် ခက်ခက်ခဲခဲနှင့် ယဲ့ထင်အမေရှေ့ မတ်တတ်ရပ်လိုက်ပြီး သွားဖြူလေးများကို ထုတ်ပြလျက် အသံပြုလာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now