Zawgyi

76 7 0
                                    

Unicode


  အနောက်တောင် အရပ်ဆီမှ မိုးသားတိမ်တိုက်တို့က မှိုင်းညို့၍လာပြီ။ရက်,ဆက်စွာ ရွာနေသည့် စွေမိုးတို့က အခြေပြုလာပြန်သည်။ထန်းပင်တန်းတို့ စီရီနေသည့် ရွာအဝင်လမ်းနံဘေး တစ်ပတ်နွမ်း စက်ဘီးတစ်စီးနှင့်အတူ အရပ်မြင့်မြင့် အမျိုးသားနှစ်ဦးက မျက်နှာချင်းဆိုင် ရှိနေကြ၏။

"မိုးသားတွေ ညို့လာပေါ့ လွမ်းရာ..။အချိန်မလင့်ခင် ကျုပ်ပြန်တော့မယ်နော်ဗျာ"

ပြုံး၍လည်းမနေ၊မျက်ရည်လည်းမဝေ့ မျက်လွှာလေးချလျက်သာ အကြင်သူက ကျွန်တော့်အား ခေါင်းညိတ်ပြ၏။အိုဟောင်းချင်ပြီဖြစ်သည့် စက်ဘီးကလေးအား 'ပန်းချည်'ရွာ၏ ဆန့်ကျင်ဘက်သို့ ဦးတည်လိုက်သည်။သို့တစေ အပြန်လမ်းကို ရည်ရွယ်သည့်ခြေလှမ်းများ ဒီကနေ့မှ လေးပင်နေသလိုရှိသည်။

"မေတ္တာမျှသူရှိနေပြီလားတဲ့။ အဖေ့အမေးကို ကျွန်တော် ဘယ်လိုဖြေလိုက်ရမလဲ ဆရာဂုဏ်း..."

စက်ဘီးနင်းရန် အရှိန်ယူနေသမျှ တုန့်ဆိုင်းသွားရပြီ။ပခုံးတစ်ဘက်ရှိ ဖျင်လွယ်အိတ်လေးအား မ,တင်လိုက်ကာ နောက်ကျောဘက်သို့ ပြန်လှည့်လိုက်သည်။ကောင်းကင်မှ ပြိုသည့်မိုးထက် မျက်ဝန်းအိမ်မှာ ပျိုးမည့်ငွေ့ရည်က ကျွန်တော့်ရင်မှာ လာစိုနိုင်စွမ်း၏။

"ကျုပ်ကို အချိန်ထပ်ပေးလို့ မရတော့ဘူးလားလေ။မေတ္တာတွေစစ်မှန်ကြောင်းတော့...လွမ်းရာ၊ မင်းယုံကြည်ပေးမယ်မလား"

"စေတီဦးမှာ ထားဆိုခဲ့ဖူးတဲ့ သစ္စာစကားတွေကို ကျွန်တော် အကြွင်းမဲ့ယုံပါတယ် ဆရာဂုဏ်း.."

"ကျုပ်တို့အချစ်ဟာ အများတကာနဲ့ ကွဲပြားတာကို မင်းရော၊ကိုယ်ပါ အသိသားပဲလေ။ဒီအတွက်ကြောင့်...."

"မိုးတွေတောင် သည်းလာပေါ့လေ။ဒီစကားတွေကို နောက်ရက်မှ ဆက်ကြပါစို့လား"

"ကောင်းပါပြီ...မောင့်လွမ်းရာ"

ကျွန်တော့် ဦးခေါင်းထက်မှ ဝါးခမောက်လေးအား မြတ်နိုးရသည့်ဆံနွယ်စများ မိုးမစွတ်ရလေအောင် ဆောင်းကာပေးတော့ မျက်လုံးဝိုင်းဝိုင်းများက ဟန့်တားချင်နေပြန်သည်။

"မြေစာတစ်ပင်နှင့် အကြင်သူ"Where stories live. Discover now