138

8.3K 1.4K 83
                                    

{Unicode}

"ငါ့ကြောင့် အသည်းခိုက်အောင် နာကျင်လိုက်တော့"

ရန်ကျားလိ သတိပြန်ရလာသည်။

သူနိုးလာချိန်တွင် ညနေ ခြောက်နာရီ ခွဲနေပြီဖြစ်သည်။ ညနေခင်း အချိန်အခါ ဖြစ်သည်မို့ ကောင်းကင်အရောင်က မှိန်းဖျော့နေကာ လမ်းမပေါ်မှ လမ်းမီးတိုင်များသည်လည်း တဖြည်းဖြည်း ထွန်းလင်းလာကြပြီ ဖြစ်သည်။

ရန်ကျားလိသည် မျက်လုံးဖွင့်ဖွင့်ချင်း အလင်းရောင်နှင့် ကျင့်သားမရခင်မှာပဲ ကုတင်ဘေးမှ လှုပ်ရှားသံကို ကြားလိုက်ရသည်။

ယဲ့ထင်သည် ခပ်သုတ်သုတ် အနားကပ်လာပြီး နင့်နဲတုန်ရီနေသော လေသံနှင့် တိုးဖျော့ဖျော့လေး ဆိုလာသည်။

"ပေါင်ပေါင်း၊ သတိရပြီ"

ရန်ကျားလိသည် ဖြည်းဖြည်းချင်း ခေါင်းလှည့်လာပြီး မျက်လွှာပင့်ကြည့်သည်နှင့် ယဲ့ထင်၏ မျက်နှာကို မြင်လိုက်ရသည်။

ယဲ့ထင်၏ မျက်လုံးထဲတွင် ပင်ပန်းသည့် အကြည့်များ ပြည့်နှက်နေပြီး မျက်ဖြူသားပေါ်တွင် ထူထူထပ်ထပ် သွေးကြောနီများက ကြောက်စရာ ကောင်းလှအောင် တည်ရှိနေသည်။

ရန်ကျားလိသည် သူ့မျက်လုံးထဲမှ ပင်ပန်းမှုများကို မြင်သော် စကားပြောချင်သော်လည်း ပါးစပ် မဟရသေးခင်မှာပဲ နှာခေါင်းက အရင်ချဥ်စူးတက်လာပြီး အချိန်အကြာကြီး ပြေးလွှားခဲ့ရသော သိုးငယ်လေးက နောက်ဆုံးတွင် အိမ်ကို ရှာတွေ့သွားသည့်နှယ် မျက်ရည်များက ရုတ်ချည်းဆန်ဆန် ကျဆင်းလာသည်။ နှုတ်ခမ်းထက်၌လည်း ထိန်းမနိုင် သိမ်းမရ ငိုကြွေးတော့သည်။

ယဲ့ထင်သည် ရန်ကျားလိ မျက်ရည်ကျသည်ကို မြင်သောအခါ နှလုံးသားက နာကျင်လာသည်။

သူသည် ကမန်းကတန်းနှင့် လူကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး အင်္ကျီလက်နှင့် သူ့မျက်လုံးကို သုတ်ပေးလိုက်ကာ တတ်နိုင်သမျှ ပြုံးလိုက်ပြီး

"ဒါကဘာဖြစ်တာတုံး၊ နိုးလာတာနဲ့ ငိုတော့တာပဲ။ ဘာမှ မဖြစ်တော့ဘူး၊ ဘာမှ မဖြစ်တော့ဘူး။ ကိုယ် ရှိတယ်လေ၊ မကြောက်ပါနဲ့"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now