ညနေငါးနာရီနီးပါးဖြစ်နေသည့်အတွက် ကမ်းနားဆိပ်တွင်လူပါးနေလေပြီ။ကမ်းစပ်တွင်ရေချိုးနေသည့် ကလေးလေးတွေအားတွေ့ရသည်။မြစ်ပြင်အားဖြတ်ကာတိုက်ခတ်လာသည့်လေနုအေးလေးများမှာ သူမရဲ့ဆံနွယ်များအား လွင့်နေစေတော့သည်။
"ဒီနေရာမှာခဏထိုင်ကြရအောင်လေနော်.."
"ဟုတ်"
ကျောက်တုံးလေးပေါ်တွင်ထိုင်လိုက်ကြပြီးသဘာဝလေနုအေးအား တစ်ဝကြီးရှူရှိုက်နေမိတော့သည်။မြစ်ပြင်ကျယ်အားငေးမောနေရင်း သူမဆီက ခပ်တိုးတိုးရယ်သံထွက်လာတာကြောင့် ဝသုန်နားမလည်စွာကြည့်လိုက်ရင်း
"ဘာလို့လဲဆရာမ"
"ဘာရယ်မဟုတ်ပါဘူး..တို့တွေအဖြစ်ကိုသဘောကျသွားလို့"
"ဟမ်..ဘာကိုလဲ"
"တကယ်ဆိုဒီနေရာကိုအတွဲတွေပဲ လာကြတာလေ..အခုတို့နှစ်ယောက်ကရောက်လာတော့ ရယ်ချင်သွားလို့"
ဆံနွယ်စတို့လေမှာလွင့်ရင်းရယ်မောနေသည့်ထိုအမျိုးသမီးမျက်နှာအားဘေးတိုက်မြင်ရသည်မှာပင်တကယ် နှစ်လိုဖွယ်ကောင်းလှသည်။ပါးချိုင့်ခွက်ကလေးမှာလည်းပြုံးရယ်လိုက်တိုင်း ပိုပိုထင်းကာ သူမအလှအားပံ့ပိုးပေးနေလေသည်။သူမရယ်ချင်လည်းရယ်ချင်စရာပါပဲလေ။တကယ်လည်းဒီနေရာက ချစ်သူစုံတွဲတွေအလာများသည့်နေရာတစ်ခုပင်။အရင်က ဒီနေရာကို"ကျီးပင်ဆိပ်"လို့ခေါ်ကြပြီး အခုနောက်ပိုင်းကျ ယူကလစ်ပင်တွေသာရှိတော့တာမလို့ ယူကလစ်ပင်တန်းဟုခေါ်ကြသည်။

"တို့ဖေဖေကရေကြောက်တယ်သိလား..ဒါပေမဲ့သူဆုံးတော့ ဟောဒီရေထဲမှာပဲဆုံးခဲ့တာ..ဖေဖေ့ရဲ့ရုပ်လောင်းကိုတောင် တို့တွေပြန်မရခဲ့ဘူး"
ရေပြင်ကိုကြည့်ကာ ပြောနေသည့်ထိုအမျိုးသမီးရဲ့အသံတွေထဲ ဝမ်းနည်းသံတွေစွတ်နေတာကို ဝသုန်ခံစားလိုက်မိသည်။မမနီရဲ့အဖေဟာ ရေနစ်ပြီးဆုံးသွားခဲ့ခြင်းပင်။အဲ့တုန်းက မမနီဟာ ဒုတိယတန်းကလေးမလေးတစ်ယောက်တဲ့။ရုပ်လောင်းတောင်မမြင်ခဲ့ရတာ ဘယ်လောက်ထိ ရင်နာဖို့ကောင်းလိုက်သလဲလေ။
"တို့ကိုသနားစရာမလိုဘူးနော်..ဝသုန် တို့ကိုသနားတာတို့မကြိုက်ဘူး"
"ဟင့်အင်း..ဝသုန်က ဆရာမကိုအားကျခဲ့တာပါ..ဒီလောက်ဒဏ်ရာတွေများခဲ့ပေမဲ့ ဆရာမက လဲကျသွားခြင်းမရှိခဲ့ဘူးလေ"
မမနီဟာ ဝသုန့်ကိုတစ်ချက်စူးစိုက်ကြည့်ပြီး မျက်နှာလွှဲကာ ရေပြင်အားပြန်ငေးနေလေသည်။
"ဝသုန်ကြားမိလား..ဟိုတလောက ဒီနေရာမှာ ရေထဲခုန်ချပြီးသတ်သေသွားတဲ့ကောင်မလေးအကြောင်း"
"ဟုတ်ကဲ့..ဝသုန်နည်းနည်းတော့ကြားမိတယ်"
၂၀ကျော်အရွယ်ကောင်မလေးက သူ့ကောင်လေးနဲ့မိဘတွေက သဘောမတူပဲခွဲတာကြောင့် ရေထဲခုန်ချသွားခြင်းပင်။
"အဲ့ကောင်မလေးက ရေသိပ်ကြောက်တာတဲ့သိလား..မြစ်ထဲကိုသူတစ်ခါမှမသွားခဲ့ဘူးတဲ့..ဒါပေမဲ့သူ့ကိုယ်သူအဆုံးစီရင်တော့ ဒီမြစ်ထဲကိုခုန်ချသွားခဲ့တာ..အဲ့တာဘာကြောင့်လို့ထင်လဲ"
"သူရင်ဆိုင်ရတဲ့အရာက ရေထက်ပိုပြီးကြောက်စရာကောင်းလို့လား"
ဝသုန့်အဖြေအားကြားတော့ မမနီက ပြုံးသည်။မှားသွားပြီလားလို့တွေးမိကာ လူမှာရှက်သွားမိပြန်သည်။
"အခုအချိန်မှာသူအကြောက်ဆုံးအရာကရေဖြစ်ပေမဲ့ သူရင်ဆိုင်ရတဲ့အရာကပိုပြီးကြောက်ဖို့ကောင်းတဲ့အခါ သူကဒီလိုရွေးချယ်လိုက်တာပေါ့.."
"ဟုတ်...သနားတော့သနားစရာလေးပါ"
"ဟုတ်တယ်..မြတ်နိုးရလွန်းတဲ့အရာတစ်ခုကိုဆုံးရှုံးရတော့မယ်ဆိုတာ သိသွားတဲ့အခါ အဲ့ဒီလူက သူအရင်ကအကြောက်ဆုံးဆိုတဲ့အရာတွေက သူ့အတွက်အရေးမပါတော့ဘူးတဲ့။အဲ့တာကြောင့် သူဒီလိုလုပ်သွားတာလို့တို့တော့ထင်မိတယ်"

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now