Part {12}

7.3K 616 29
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း (၁၂)

တစ်ဝက်တစ်ပျက်အိမ်မက်နဲ့နိုးထလာကာခုတင်ဘေးရှိ lockerပေါ်မှရေဘူးအားယူပြီး ရေတစ်ကျိုက်မော့လိုက်မိသည်။နေရာသစ်၊အဆောင်သစ်ဖြစ်တာကြောင့် အိပ်ပျော်လိုက်နိုးလိုက်ဖြင့်သာ။နာရီကြည့်မိတော့ တစ်ချက်ကျော်ပင်။ပြန်အိပ်ဖို့ကြိုးစားပေမဲ့ မျက်လုံးမှာမှိတ်မရတော့။ဟိုဟိုဒီဒီတွေးတောရင်း ဒီမလာခင်ညတွင်မေမေနှင့်စကားပြောဖြစ်ခဲ့သည်များကိုပြန်သတိရမိသည်။

"သမီးချစ်တဲ့သူဘယ်သူ့ကိုမဆို မေမေကလက်ခံပေးမှာပါ"တဲ့။

ထိုတစ်ခွန်းနဲ့တင် ဝသုန်ပျော်ခဲ့ရသည်။မေမေဟာ အားလုံးကိုရိပ်မိပြီးသိနေခဲ့သည်။သူမထက်အနည်းငယ်သာ ငယ်သည့်အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့သမီးချစ်တဲ့သူဖြစ်နေတာကို မေမေကလက်ခံပေးနိုင်ခဲ့သည်တဲ့။မမကြီးတို့ရဲ့အချစ်ရေးကိုကြည့်ပြီး မေမေဟာ ဘာမှတောင်းဆိုစရာမလိုလောက်အောင် ဝသုန့်နောက်ပါခဲ့သည်။ဖေဖေကတော့အမြဲဝသုန့်အလိုကျမလို့ထူးထွေပြီး မစိုးရိမ်မိခဲ့ပေ။မမနီနှင့်အကြောင်းအားအလုံးစုံပြောပြတော့ မေမေက "သုံးနှစ်ကြီးတောင်မများလွန်းဘူးလားသမီးရယ်"တဲ့။ထိုစကားတစ်ခွန်းကိုသာ မေမေက သက်ပြင်းချရင်းဆိုသည်။ဝသုန်က"မများပါဘူးမေမေရယ်"လို့ပြောတော့ မေမေကသက်ပြင်းသဲ့သဲ့သာထပ်မံချသည်။

သုံးနှစ်ဆိုသည့်အချိန်အတွင်း ဝသုန်ပြောင်းလဲသွားမည်ကိုမေမေကစိုးရိမ်တာဖြစ်ပေလိမ့်မည်။တစ်ခုခုဆိုအကြာကြီးသဘောမကျတတ်တဲ့ဝသုန့်အား သုံးနှစ်ကြာသည့်နောက် မမနီအား သဘောမကျတော့မည်ကိုစိုးရိမ်နေပေလိမ့်မည်။အချိန်အကြာကြီးကြာခဲ့ပြီးမှ ပျက်စီးသွားခဲ့ရရင် အဆင်မပြေနိုင်ဘူးဆိုတာ လူကြီးဖြစ်သည့်မေမေက တွေးပေလိမ့်မည်။ဝသုန့်အတွက်တော့ သုံးနှစ်ဆိုတာ မများခဲ့ပေ။

သုံးနှစ်ပြီးသည့်အခါ ဝသုန်လည်း အထက်တန်းပြဆရာမပေါက်စကလေးဖြစ်မှာသေချာခဲ့ပြီ။အထက်တန်းပြဆရာမကြီးနှင့်ဆရာမလေးအကြောင်းလူတွေသိကြတဲ့အခါ အနည်းငယ်တော့သာမန်ထက်ရှိန်ကြပေမည်မလား။ပုံမှန်ငါးခွန်းလောက်ထိုးနှက်တယ်ဆို နှစ်ခွန်းလောက်နဲ့ပြီးသွားန်ိုင်တာမျိုးပေါ့။ဒါကဝသုန့်အတွေးတစ်ခုပါလေ။အသက်ငယ်ငယ်ကောင်မလေးနဲ့ ၁၈နှစ်ကွာတဲ့အမျိုးသမီးအကြောင်း ကြားတဲ့အခါ လူတို့သဘာဝပြောကြဆိုကြအုံးမှာပင်။ထိုအခါ ဝသုန့်အတွက် မမနီကိုမျက်နှာမငယ်စေချင်ပါ။ဝသုန်တို့ဘဝအားဝသုန်တို့ဘာသာလျှောက်လှမ်းနိုင်သည်ဆိုသည့်အကြောင်း ထိုသူတို့အားမလိုလည်းပြချင်လေသည်။၂ထိပ်စီးသို့မပြောင်းခင်ချစ်မိခဲ့သည့်ထိုအမျိုးသမီးအား နောင်နှစ်တွေအများကြီးထိဆက်ချစ်သွားနိုင်မည်ဆိုတာ ဝသုန်ကိုယ့်ကိုယ်ကို ယုံကြည်မိသည်။
---
ကျောင်းလမ်းထဲလျှောက်သွားရင်း ဘေးမှသူငယ်ချင်းအသစ်ကလေးမှာ ဝသုန့်အားကျောင်းအကြောင်းပြောပြနေလေသည်။တစ်ချက်တစ်ချက်တော့သူမအသံလေးဟာနားထဲတိုးဝင်ပြီး တစ်ချက်တစ်လေမှာတော့ ပျံ့လွင့်နေခဲ့သည်။ဝသုန့်အတွေးထဲမှာ မမနီအကြောင်းသာတွေးနေမိသည်။ဒီလမ်းတွေမှာမမနီ လျှောက်ခဲ့ဖူးသည်။ဒီခုံတွေမှာမမနီထိုင်ခဲ့ဖူးသည်။ဒီကျောင်းဝန်းထဲတွင် မမနီဆိုသည့်အမျိုးသမီးရဲ့အငွေ့အသက်တို့ကိုသာဝသုန်ရှာမိသည်။အသက်၁၉နှစ်ကျော်အရွယ်ဘဝတုန်းက မမနီဟာလည်း ဒီကျောင်းဝန်းထဲကျင်လည်ခဲ့ဖူးသည့် ကျောင်းသူလေးတစ်ယောက်ဖြစ်ခဲ့ဖူးသည်။ကျောင်းရဲ့အထင်ကရနေရာလေးတွေကိုမမနီလျှောက်သွားဖူးလိမ့်မည်။အနားရှိဆေးကျောင်းဝန်းအားလည်းမမနီသွားလည်ဖူးလိမ့်မည်။အရောင်စုံအုတ်ခုံတို့ပေါ်တွင်လည်းထိုင်ကာ စာကျက်ခဲ့ဖူးလိမ့်မည်။အရင်က မမနီရဲ့ချစ်ဦးသူဟာ ထိုဆေးကျောင်းသားလေးများဖြစ်ခဲ့လေမလားလို့တွေးပြီး မနာလိုခဲ့ဖူးပေမဲ့ မဟုတ်ခဲ့။မမနီဟာအချစ်ကို ဆယ်တန်းပြီးစ ဆယ်ကျော်သက်အရွယ်မှာတွေ့ရှိခဲ့သည်တဲ့။မမနီလိုအမျိုးသမီးတစ်ဦးအား ထားသွားရက်နိုင်သည့် ထိုသူအား ညံ့လိုက်တာလို့ဝသုန်တွေးမိပေမဲ့မမနီဟာ ထိုသူ့ကိုသူ့နှလုံးသားထဲ ဆယ်စုနှစ်နှစ်စုစာလောက်သိမ်းထားခဲ့သည်ဟုတွေးမိတော့ မနာလိုစိတ်ကကြီးထွားလာပြန်သည်။မမနီကိုစသိတုန်းက နားလည်ရခက်တဲ့သူလို့ခေါင်းစဥ်တပ်ခဲ့မိပေမဲ့နောက်မှထပ်သိရသည်မှာ မမနီဟာ ဒဏ်ရာတွေကိုပွေ့ပိုက်ရင်း၊ဒဏ်ရာနဲ့တူတဲ့ထိုအမျိုးသားကို ပွေ့ပိုက်ရင်းရှင်သန်နေခဲ့သည့်အမျိုးသမီးတစ်ဦးပင်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Tempat cerita menjadi hidup. Temukan sekarang