လမ်းလျှောက်တက်စအရွယ်တွင်လည်း အိမ်သို့လာလည်သော တခြားကလေးများနှင့် ရောရောနှောနှောမနေပေ။ သူ့ဘာသာ သီးသန့်နေ၍ အနေအေးသော ကလေးဖြစ်သည်။

မူကြိုအရွယ်ရောက်ပြန်တော့လည်း မာနကြီးတစ်ခွဲသားဖြင့် မည်သူနှင့်မျှ အပေါင်းအသင်းမလုပ်ချေ။ အမြဲ တစ်ယောက်တည်းသာနေသည်။ မျက်နှာကြီး အမြဲတည်ထားသော သူ့အား ဘယ်ကလေးမှလည်း အတူ ကစားရန် လာမခေါ်ရဲကြ။

ခွန်း ၅နှစ်သား အထိ ခွန်းနာမည်မှာ ခွန်းမာနမောင် မဟုတ်ပေ။ ကင်ပွန်းစတပ်သည့်နာမည်မှာ မာန်မာနမောင် ဖြစ်သည်။ အသက် ၅နှစ်ထိ တစ်ယောက်တည်းသာ အမြဲနေတတ်နေသော ခွန်းကို ကြည့်ကာ ကြီးကြီးနုမှ နာမည်စီး၍ ကလေးက ဒီလိုဖြစ်နေသည်ဟု ထင်ကာ ဦးမာန်ခွန်းစစ် တို့နှင့်တိုင်ပင်၍ သူငယ်တန်း
စတက်သည့်နှစ်တွင် ခွန်းမာနမောင် ဟုပြောင်းခဲ့ခြင်းဖြစ်သည်။

သို့သော် မထူးခဲ့ပေ။ ယခု တက္ကသိုလ် တတိယနှစ် ရောက်သည့်တိုင် ခွန်းတွင် သူငယ်ချင်းဟူ၍ လက်ငါးချောင်းတောင် မပြည့်ခဲ့ချေ။ ထို့ကြောင့် ခွန်းမှ သူငယ်ချင်းဟုစ၍ မိတ်ဆက်ပေးသည်မှာ တိမ်တိုက်သာလျှင် ပထမဆုံးဖြစ်သည်။

ခွန်း ၁၀နှစ်သားတွင် ခွန်းခငယ်လေးကို မွေးသည်။ ခငယ်လေး လူ့လောကသို့ ရောက်လာသည်မှစကာ ခွန်းမှာ အဖော်ရသွားတော့သည်။ တခြားအိမ်သားများနှင့် ခပ်တန်းတန်းသာ နေတတ်သော်လည်း ခငယ်လေးကိုတော့ အလွန်ချစ်သည်။ အနွံတာလည်းခံသည်။ နို့စို့သည့်အချိန်များမှလွဲ၍ ကျန်အချိန်များတွင် ခွန်းဆီသာ ကပ်ကပ်နေတတ်သည်။

ထို့ကြောင့်လည်း ခငယ်လေးမှာ ခွန်းအား မိဘထက်ပို၍ ပင် တွယ်တာမိနေခြင်းဖြစ်သည်။ အကိုအကြီးဆုံး ခွန်းသက်ဦး နှင့် ဆက်ဆံရေးမှာ ပုံမှန်သာ ဖြစ်သည်။

ဒီနိုင်ငံတွင် ခွန်းအတွက် မိသားစု ဟုသတ်မှတ်သူမှာ ခငယ်လေးအပြင် မည်သူမျှ မရှိချေ။

.................

ခွန်းစိတ်တွေ လေလွင့်နေသည်။ သည်လိုအခြေအနေမျိူး ကြုံဖူးသော်လည်း ကြုံသည့်အခါတိုင်း ဝမ်းနည်းစရာကောင်းအောင် ဒေါသတွေ ဖြစ်ရမြဲ ။ မိဘနှစ်ပါးစလုံးကို အခွင့်ရှိ၍ စိတ်ထဲရှိသည့်အတိုင်းသာ ပြောခွင့်များရလာလျှင် '' ဘာကြောင့်လဲ '' ဟုသာ မေး လိုက်ချင်သည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now