“ အော် ... ညီလေး၊ ဘယ်လာတာလဲ ထိုင်လေ ”

ဆရာ့အမေးကြောင့် စိုင်း၏ နှလုံးသားကျင်ခနဲ လှုပ်ခါသွားပြီး စိတ်မကောင်းဖြစ်သွားရသည်။ မေးမှမေးရက်လေ ဆရာရယ်။ ဆရာ့ဆီလာတာပေါ့။
စိုင်းမျက်နှာပေါ်က ဝမ်းနည်းရိပ်ကို အကဲခတ်မိသွားသော ဒေါက်တာသက်သက်ဝေက ခပ်လှောင်လှောင်ပြုံးကြည့်နေသည်။

“ ထိုင်လေ ညီလေး ”

ငေးတိငေးကြောင်ဖြင့် အနည်းငယ် တောင့်တင်းစွာ မတ်တပ်ရပ်နေမိသော စိုင်းကို ဆရာက ဒုတိယအကြိမ်ထိုင်ဖို့ပြောသည်။ ခါတိုင်း ဆရာနှင့်နီးကပ်စွာ ထိုင်နေကျ ခုံ၌ ယခုအခါ ဒေါ်သက်သက်ဝေ ထိုင်နေပြီ ဖြစ်သောကြောင့် စိုင်း ခပ်လှမ်းလှမ်းက ဆိုဖာခုံပေါ်မှာပဲ သွားထိုင်ရပါသည်။

“ ကျနော် ဒီညဆရာ့ကိုစောင့်အိပ်ပေးဖို့လာတာ၊ မနက်ဖြန်လည်း ကျောင်းပိတ်တယ်ဆိုတော့လေ ”

သူမရှေ့မှာပဲ ရည်ရွယ်ချက်ရှိရှိဖွင့်ပြောလိုက်သောစိုင်း စကားကြောင့် သူမ ဟန်မဆောင်နိုင်လောက်အောင် မျက်နှာ ပျက်ယွင်းသွားခဲ့သည်ကိုမြင်ရသောအခါ စိုင်း အရသာရှိရှိ ကျေနပ်သွား၏။ သို့သော် မှားသွားပြီမှန်းလည်း ချက်ချင်းသိလိုက်သည်။ သူမက အနိုင်မခံအရှုံးမပေးဘူးဆိုသည့်စိတ်ဓာတ်မျိုးဖြင့် ကြိုးစားပမ်းစား
ပြုံးလိုက်ပြီး ဆရာ့ကိုမော့ကြည့်ကာ ချိုမြရွှင်သာစွာပြောလိုက်လေသည်။

“ မောင် ”

သူမ၏ ချွဲပျစ်လှသော အသုံးအနှုန်းကြောင့် စိုင်း အောင့်သက်သက်ဖြစ်သွားပါသည်။

“ မောင် တစ်ယောက်တည်းအိပ်လည်း ဖြစ်တယ်မဟုတ်လား၊ ကလေးကိုအားနာစရာကွယ်၊ တကယ်လို့ မောင်အဖော်လိုအပ်ရင် သက် စောင့်အိပ်လည်းရတာပဲကို ”

ဆရာသည် သူ့ဘဝ၏ အဆိုးဝါးဆုံး ထိခိုက်နာကျင်ခဲ့ရသည့် အခိုက်အတန့်ကြီးကို မေ့ပစ်ချင်ခဲ့ပုံရသည်။
ထို့ကြောင့် သက်သက်ဝေနှင့် ချစ်သူရည်းစားတွေဖြစ်ခဲ့သည့်ပဲမှတ်မိလျက် နောက်ပိုင်း ဆက်လက်ဖြစ်ပေါ်လာခဲ့သည့် ကြေကွဲရင်နင့်ဖွယ်ရာ အဖြစ်အပျက်တွေကစပြီး သတိမရတော့တာဖြစ်မည်။ သက်သက်ဝေကို ငဲ့ကြည့်လိုက်သော ဆရာ့မျက်ဝန်းတွေဟာ ပကတိ တောက်ပရွှင်မြူးနေကြသည်ကို စိုင်း သတိထားမိသောအခါ မနာလိုဝန်တိုစိတ်ဖြင့် ရင်ဘတ်ထဲ တဆစ်ဆစ် နာကျင်တင်းကျပ်နေတော့သည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now