အဲသည်တုန်းက ဆရာ့၏ တောက်ပနေသော မျက်လုံးနက်နက်ကလေးများက ထိုအဖြစ်အပျက်ကို မျက်စိရှေ့မှာပင် လက်တွေ့ မြင်ယောင်နေသလိုပါပဲ။ စိုင်းကတော့ ဂရုတစိုက် နားထောင်ရင်း တသိမ့်သိမ့် ကျေနပ်ရင်ခုန်နေခဲ့ရသည်။

“ တိုက်ဆိုင်လိုက်တာ၊ ကျနော်လဲ Welcome နေ့မှာပဲ
ဆရာ့ကို ချစ်နေမိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဝန်ခံမိတာပဲ၊ ဒါဆို  တစ်ရက်တည်းမှာ အတူတူချစ်မိခဲ့ကြတာပေါ့နော် ”

ဆရာက  စားပွဲပေါ်တင်ထားမိသော စိုင်း၏ လက်ကလေးကို ခပ်ဖွဖွ ဆုပ်ကိုင်လျက် သိမ်မွေ့စွာ ပြုံးပြသည်။

“  ဘယ်သူကအရင်ချစ်ချစ်ပါ စိုင်းလေးရဲ့၊ တကယ်တမ်း
ချစ်သွားကြတဲ့ အချိန်မှာ တစ်ယောက်ကတစ်ယောက်ကိုအစွမ်းကုန်ချစ်လိုက်ကြဖို့ပဲ ”

ဆရာ့လေသံ၌ ထက်သန်သော စိတ်ခွန်အားတစ်မျိုးပါဝင်နေသည်ကို သတိထားမိသောအခါ စိုင်း ရှက်ရွံ့နာခံစွာ ခေါင်းညိတ်ပြလိုက်မိလေသည်။

+++

အမှန်တိုင်းဝန်ခံရလျှင် အိနြေ္ဒကြီးစွာ မျက်နှာထားခပ်တည်တည်နေလေ့ရှိသော ဆရာ့ကို စိုင်း သဝန်တိုတတ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ဆရာ၏ သဝန်တိုမှုကို တရားဝင်ချစ်သူတွေဖြစ်သွားခဲ့ကြပြီး နောက်တစ်ရက်မှာပင် နဖူးတွေ့ဒူးတွေ့ ကြည်နူးချမ်းမြေ့စွာ ကြုံတွေ့ရလေသည်။

“ ဘယ်သွားမလို့လဲ စိုင်းလေး ”

လက်ဆွဲသေတ္တာထဲက အဝတ်အစားတချို့ကို ရွေးထုတ်နေစဉ် ဆရာက လှမ်းမေး၏။ စိုင်း မကွယ်မဝှက် ပြောပြမိသည်။

“ Joy နဲ့ချိန်းထားလို့ ”

ဆရာက မရယ်မပြုံး စိုက်ကြည့်နေသည်။

“ စိုင်းလေးကလဲကွာ အမြဲအဲကောင်လေးနဲ့ တတွဲတွဲပဲ၊
ကိုယ်မင်းနဲ့ ညစာအတူ စားဖို့ စောစောပြန်လာတာ။
အေးလေ ... အခုတစ်ယောက်တည်းသွားစားရတော့မှာပေါ့ ”

စိုင်း ဆရာ့ကို ဖျပ်ခနဲမော့ကြည့်လိုက်၏။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး အားတက်သရော ပြုံးပြမိသည်။

“ ဆရာက သူနဲ့ပဲ မြင်နေတာကိုး၊ ကျနော် ကျော်ဇောနဲ့လဲ တတွဲတွဲပဲဟာ ”

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now