"ဒူးမထောက်နဲ့၊ အဲ့လိုတွေ လုပ်စရာ မလိုဘူး။ သမီးက အပြင်မှာပဲ ရှိနေသေးတယ်။ သူမြင်သွားရင် ဘယ်လိုပုံစံကြီး ဖြစ်သွားမလဲ"

ရှောက်ယယ်သည် ကျောက်ရှန့်ဟိုင်၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လေသံထဲတွင် အလောသုံးဆယ်နိုင်သည့် တောင့်တမှုများနှင့် အသနားခံလုနီးပါး ဖြစ်နေကာ

"အဲ့ဒီ လီချန်ရှန်းနဲ့ ထပ်မတွေ့လို့ မရဘူးလား။ ကျွန်တော် ခင်ဗျားကို ခေါ်သွားပေးမယ်လေ။ နောက်ဆို ခင်ဗျားကိုရော သမီးကိုရော၊ ကျွန်တော့် နှလုံးသားထဲ ထည့်ထားပါ့မယ်။ ကျွန်တော် ခင်ဗျားအပေါ်လည်း အများကြီး အများကြီး ကောင်းပေးမှာပါ.....ခင်ဗျား ကျွန်တော့်ကို အခွင့်အရေးလေး ပေးပါနော်။ ကျွန်တော် ပြင်ပါ့မယ်။ ကျွန်တော် အားလုံး ပြင်ပစ်မယ်ဆိုတာ အာမခံပါတယ်"

ကျောက်ရှန့်ဟိုင်သည် တည်ငြိမ်စွာနှင့် ရှောက်ယယ်၏ မီးပွားများ လွင့်စင်လာမတတ် ဖြစ်နေသော နီနီရဲရဲ မျက်လုံးတစ်စုံကို စိုက်ကြည့်နေသည်။

သူသည် အချိန်အတော်ကြာ စိုက်ကြည့်နေပြီး နောက်ဆုံးမှ ရှောက်ယယ်၏လက်ကို ဖွဖွကလေး ဆွဲဖယ်လိုက်ကာ လေသံတိုးနှင့်

"တော်လိုက်ပါတော့"

ရှောက်ယယ်၏ နှလုံးသားထဲမှ ဂစ်တာကြိုးမျှင်တစ်ချောင်းသည် အဖြတ်ခံလိုက်ရသည့်အလား ဘတ်ခနဲ အသံမြည်သွားကာ အသည်းခိုက်အောင် နာကျင်လှသည်။

ရေပတ်မဝင်အောင် ပြောနေခဲ့သည့် နာကျင်ကြေကွဲစရာများသည် တုံးတိတိ ခပ်ပြတ်ပြတ် ပြောထွက်လာသော တော်လိုက်ပါတော့ဟူသည့် စကားတစ်ခွန်းကိုတော့ တွန်းလှန်နိုင်ခြင်း မရှိပါပေ။

ရှောက်ယယ်သည် ရုတ်တရက် သူ၏ ခြေသလုံးကြွက်သားများ အားနည်းလာသည်ဟု ခံစားလိုက်ရသည်။ ချွေးအေးများက တစ်ကိုယ်လုံးအနှံ့ ပြူထွက်လာပြီး လူတစ်ယောက်လုံး မတ်မတ် မရပ်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။ အကြိမ်အနည်းငယ် လှုပ်ယမ်းနေပြီးနောက် ကယောက်ကယောက်နှင့် ဆိုဖာပေါ် ထိုင်ကျသွားသည်။ မျက်လုံးတစ်စုံကိုသာ ဖွင့်ထားပြီး ဇွဲမလျှော့ဘဲ ကျောက်ရှန့်ဟိုင်ကို ကြည့်နေခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now