နှစ်ယောက်သား အတူနေသည်မှာ မကြာသေး၍ အသည်းလှိုက် အူလှိုက်ဖြစ်နေမှုတို့ကလည်း မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားသည်မျိုး မရှိသေး၍သာ တော်သေးသည်။ မဟုတ်လျှင် ရန်ကျားလိသည် ယဲ့ထင်တစ်ယောက် သူ့ညီအစ်ကို ရှောက်ယယ်နှင့်အတူ တစ်ကျိတ်တည်း တစ်ဥာဏ်တည်း ဖြစ်သွားပြီး ငြီးငွေ့ခြင်းတို့ အစပြုလာကာ အပြင်တွင် အပျော်အပါး လိုက်စားနေပြီဟု သံသယ ဝင်တော့မည်ဖြစ်သည်။

ရှစ်နာရီ ခွဲသည်အထိ စောင့်နေခဲ့သော်လည်း ယဲ့ထင်ကတော့ ပြန်မလာခဲ့ပါ။

ရန်ကျားလိသည်လည်း မိမိဘာသာ ညစာ ကြိုစားထားဖို့သာ တတ်နိုင်တော့ပြီး စားပွဲပေါ်မှ ဟင်းပွဲများကို အနွေးဘူးထဲ ထည့်လိုက်သည်။

ဆယ့်တစ်နာရီ၊ စံအိမ်၏ အပြင်ဘက်တွင် ကားဂိုဒေါင်ထဲသို့ ကားမောင်းဝင်လာသည့် အသံကို ကြားလိုက်ရသည်။ မကြာခင်မှာပဲ မြေပြင်ပေါ် နင်းလျှောက်လာသော သားရေဖိနပ်၏ စည်းချက်ကျကျ အသံက နီးကပ်လာသည်။ ထပ်မံပြီး အိမ်ပြန်နောက်ကျပြန်သည့် ယဲ့ထင်တစ်ယောက် ငြိမ်သက်လှသော မျက်နှာထားနှင့် အိမ်ထဲဝင်လာခြင်းဖြစ်သည်။

ရန်ကျားလိသည် ဆိုဖာပေါ်တွင် အိပ်ငိုက်လွန်း၍ မျက်ခွံများ လုံးထွေး ပုတ်သတ်နေပြီဖြစ်သည်။

မျက်ခွံကို ဖျစ်ညှစ်ဖွင့်ရင်း ယဲ့ထင်ကိုကြည့်ကာ ရန်ကျားလိတစ်ယောက် ထထိုင်လိုက်ပြီး ဟွန်းသံပြုရင်း စကားဆိုသည်။

"ဘာလို့ အိမ်ပြန်လာတာ နောက်ကျရပြန်တာလဲ"

ယဲ့ထင်က ပြုံးလိုက်ပြီး

"အလုပ်များတယ်"

ရန်ကျားလိ၏ လက်ကောက်ကွေးထဲတွင် အိပ်ချိန်၌ အစဥ်အမြဲ ဖက်ထားတတ်သည့် သိုးရုပ်ကြီးကို ညှစ်ကိုင်ထားကာ ရှုပ်ပွနေသော ဆံပင်များနှင့် အနွေးဘူးကို ညွှန်ပြပြီး သမ်းဝေရင်းနှင့် ပြောသည်။

"ညစာတွေ အကုန်လုံး အနွေးဘူးထဲမှာ ရှိတယ်။ ထုတ်စားလို့ ရနိုင်သေးတယ်"

ယဲ့ထင်သည် ခေါင်းညိတ်လိုက်ပြီး စနစ်တကျ ပူနွေးထားသော စားစရာများကို ရိုးရိုးတန်းတန်း တစ်နပ်စားလိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now