"လှပါ့ဗျာ...လှပါ့.."

"မင်းသားကလည်း ချောပါ့တော် ကိုသံခဲက မင်းသား မင်းသားနဲ့ ပြောပြောနေတာကို ကျုပ်က အပိုပြောတယ်ထင်နေတာ အခုမှမြင်မှ တယ်ချောတာပဲ.."

"ဟ ငါ့မိန်းမရ ငါက အပိုလုပ်ပြောပါ့မလား မင်းနှယ်.."

"မသိနိုင်ဘူးလေတော် ဒါနဲ့ မင်းသား ဘယ်သူမှလာမကြိုဘူးလား ကျုပ်တို့နဲ့ပြန်လိုက်လေ ဟိုမှာကားငှားခဲ့တယ် ဘယ်ကိုပြန်မှာလဲ ပို့ပေးမယ်..."

ဦးသံခဲ၏ဇနီးက မနီးမဝေးရှိ ခပ်စုတ်စုတ် တက္ကစီတစ်စီးအား ညွှန်ပြတော့ ရှင်းခန့် ခေါင်းကိုအသာခါယမ်းပြီးမှ...

"ကျေးဇူးပါ ကျွန်တော့်ကို လာကြိုမှာပါ"

"ဒါဆိုလည်း သွားပြီဟေ့ သူများကားငှားခဲ့တာဆိုတော့ အကြာကြီးနေရင် ဈေးပိုပေးနေရမှာ ငါလိပ်စာပြောခဲ့တယ်နော် ကောင်လေး နောက်ကျရင် လာလည်ကွ.."

"ဟုတ်ကဲ့ ဦးလေး..."

"သွားပြီးဟေ့..."

ဦးသံခဲတို့မိသားစု လက်ပြနှုတ်ဆက်၍ တက္ကစီပေါ်ထွက်သွားသည့်အထိ ရှင်းခန့် ရပ်ကြည့်နေပြီးမှ ဖေဖေ့၏ အရိပ်အယောင်ကို ရှာဖွေကြည့်လိုက်ပေမဲ့ မတွေ့ရချေ။နွေမနက်ခင်း၏ နေရောင်က စူးရှစွာဖြာကျလာပြီမို့လို့ ရှင်းခန့် မနီးမဝေးရှိ အပင်အရိပ်အောက်သို့ ပြောင်းရွှေ့ရပ်လိုက်သည်။ခုနစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ အပြင်လောကမှာ ဘာတွေများ ပြောင်းလဲနေပြီလဲ မသိပေမဲ့ သူ့၏ဖြစ်တည်မှုနှင့် အတွေးအမြင်များကတော့ အများကြီးပြောင်းလဲသွားခဲ့သည်။သူ အထဲမှာရှိနေတဲ့ နှစ်တွေအတွင်း ဖေဖေက ထောင်ဝင်စာကို အစပိုင်းမှာ တစ်လတစ်ခါ လာတွေ့ပေမဲ့ နောက်ပိုင်း ၂လခြားတစ်ခါသာ လာတွေ့တော့သည်။တခါတရံလည်း မေချိုပါအတူတူ လိုက်ပါလာတက်လေသည်။အဖေတစ်ခု သားတစ်ခုသာ ရှိနေကြသည့်ဘဝမှာ ဒီလိုလူ့အသိုင်းအဝိုင်းထဲ ပြန်လည်ခြေချခွင့်ရတဲ့နေ့မှာတော့ ဖေဖေသေချာပေါက် လာကြိုမှာပဲဖြစ်သည်။မေချိုနှင့် တစ်စုံတစ်ယောက်ကိုတော့ မမျှော်လင့်ရဲပေမဲ့ ဖေဖေ့ကိုတော့ မျှော်လင့်မိတာ အမှန်ပဲဖြစ်သည်။

Wild  Rose(complete)Where stories live. Discover now