မနေ့ညက နောက်ကျမှ အိပ်သည့်အတွက် မနက် မထနိုင်ဖြစ်ကာ ပို၍ နောက်ကျသည်။ ထို့အပြင် သည်ကနေ့မှ ပင် ကားလမ်းများမှာ ကြပ်လှသည်။ စနေနေ့တွင် အချိူ့သော ရုံးများဖွင့်သဖြင့် ရုံးချိန်နှင့်တိုးလျှင် ပိုကြပ်တတ်သည်။
မနက်စောသေးသော်လည်း အားလျှင် ဖုန်းခေါ်မည်ဟု ပြောထားသဖြင့် ဖုန်းအား လက်မှ တကိုင်ကိုင်ပင်။ ဖုန်းသံအား မကြားလိုက်မည်ကို စိုးရိမ်နေသည်။

ကျောင်းသို့ရောက်ရောက်ချင်း Practical လုပ်နေသော အဆောင် ၃၇ ၏ တတိယထပ် သို့ ဒုန်းစိုင်းပြေးတော့သည်။ ဂျင်းဘောင်းဘီ ဝတ်လာမိတာ မှန်သွားသည်။ ပုဆိုးများဝတ်လာမိလျှင် ပြေးရ မလွယ်ချေ။ နာရီကြည့်မိတော့ အချိန်ကုန်ရန် မိနစ် ၂၀လောက်သာလိုတော့သည်။

ဟုတ်ကဲ့။ ကျွန်တော်ပြေးနေရပါပြီ ။

အခန်းရှေ့သို့ရောက်သောအခါ တံခါးအကွယ်မှ အတန်းထဲသို့ ချောင်းလိုက်သည်။နောက်ဆုံးတန်းသို့ ကြည့်လိုက်ပြီး ​အဇူးတို့ကို ရှာသည်။ သို့သော် မတွေ့။
သေချာရှာမှ အတန်း၏ အတွင်းဘက်ကျကျတွင် ၃ယောက်သား အေးအေးလူလူပင် ထိုင်နေကြသည်။ နောက်ဆုံးတွင် ထိုင်နေကျ သူများက ဝင်ရခက်သော အတွင်းဘက်သို့ ဝင်ထိုင်နေကြသည်။ဒါ တမင်သက်သက် သူ့အား လုပ်ကြံချင်းပင်။

လူများနေသဖြင့် ထိုအတန်းထိ ဆရာမ မရိပ်မိအောင် သွားရန်မှာ မဖြစ်နိုင်တော့ချေ။ နောက် တံခါးပေါက်အနီးရှိ ခုံတန်းတွင်တော့ ယောကျာ်းလေးတစ်ယောက်သာ ရှိသည်။ ထိုတံခါးပေါက်နားရောက်အောင်သွားရန် တိမ်တိုက် ထိုင်ချလိုက်ပြီး ဆောင့်ကြောင့်လေး ပြေးသွားသည်။

ခပ်တည်တည် ပင် ထိုကောင်လေးဘေးတွင် စာအုပ်ထုတ်ပြီး ထိုင်နေလိုက်သည်။ သို့သော် တစ်တန်းလုံး၏ မျက်လုံးများသည် သူ့ကို ကြည့်နေသည်ဟု ခံစားရသည်။

အဇူးတို့ဘက် ကြည့်လိုက်တော့ ၃ယောက်သား မျက်နှာမှာ ပြုံးစိစိဖြစ်နေကြသည်။ ကိုကို ကတော့ သူ့လည်ပင်းအား လက်ဖြစ် ပိုင်းပြနေလေသည်။ သို့သော် တိမ်တိုက် နားမလည်ပါ။

ထိုဘေးကကောင်လေးမှာလည်း သူ့အား နားမလည်သလို ပြူး ကြည့်နေသည်။ တိမ်တိုက်လည်း အာရုံစိုက်မနေတော့ပဲ ဆရာမ ကိုသာကြည့်နေလိုက်သည်။ လက်မှတ်ထိုးဖို့ ကျန်သေးတဲ့လူတွေအားခေါ်သည်အထိ စောင့်နေလိုက်သည်။
Practical စာအုပ်ကိုတော့ မေ့ကျန်ခဲ့သည်ဟု ပြောကာ နောက်အခေါက်မှပင် ပေါင်းထပ်လိုက်တော့မည်။ အခုနေ ကူးလျှင်လည်း မှီတော့မည်မဟုတ်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now