ရန်ကျားလိသည် အသေပိတ်ထားသော တံခါးကိုကြည့်ရင်း မိမိဘာသာ ရယ်မိသည်။

"အစတုန်းကတော့ မရိုတတ်တဲ့ ရေခဲတုံးပုံကြီးနဲ့၊ ဒီနေ့တော့မင်းကို အသိပျောက်ပြားသွားအောင် လုပ်ပစ်မယ်။ ဖေဖေနဲ့ လာယှဥ်ပြီး ပရောပရည် လုပ်ရဲတယ်လို့"

သူသည် အပြင်ဘက်မှ ယဲ့ထင်တစ်ယောက် ထွက်သွားသည်ဖြစ်စေ၊ မထွက်သွားဘူးဖြစ်စေ၊ ဂရုမစိုက်တော့ဘဲ မိမိဘာသာ ရေချိုးခန်းထဲဝင်ပြီး ရေချိုးသန့်စင်လိုက်ရာ ခံစားချက်များ လန်းဆန်းကောင်းမွန်လာသည်။

အင်္ကျီလဲပြီး ထွက်လာသည့်နောက် ကုတင်ပေါ် လှဲတော့မည့် အချိန်တွင် ကုတင်ခေါင်းရင်း ဘီရိုလေးပေါ် တင်ထားသော သူနှင့်ယဲ့ထင်၏ ဖျော်ဖြေရေးပြီးနောက် ရိုက်ထားသည့် ပျော်ရွှင်စရာ အငွေ့အသက်များ ပြည့်နေသော ဓာတ်ပုံကို တွေ့လိုက်ရသည်။

ရန်ကျားလိသည် ဓာတ်ပုံဘောင်ကို ယူလိုက်ပြီး ဓာတ်ပုံထဲတွင် အံ့သြလွန်း၍ မျက်လုံးများ မှေးစင်းသွားသည်အထိ ပြုံးရယ််နေသော မိမိကိုယ်ကိုယ်နှင့် အမြတ်တနိုး အနမ်း​ပေးနေသော ယဲ့ထင်၏ မျက်နှာတစ်ဖက်ကို ကြည့်နေမိသည်။

သူ့လက်ချောင်းက ဓာတ်ပုံဘောင်ပေါ်တွင် ဖွဖွကလေး ပွတ်သပ်နေသည်။

အကြည့်များထဲ နစ်မြောနေတုန်း တစ်ဖက်မှဖုန်းက တဘီးဘီးနှင့် တုန်ခါလာသည်။

ရန်ကျားလိ ဖုန်းကိုယူကြည့်လိုက်သောအခါ ယဲ့ထင်ပို့လာသည့် Wechat စာတိုဖြစ်နေသည်။

ရန်ကျားလိ ပြုံးမိသွားသည်။ ဘေးအခန်းမှာ အိပ်နေပြီး အကြားတွင် နံရံလေးတစ်ခုသာ ခြားနေသည်ကို မက်ဆေ့ချ် ပို့နေသေးသည်။ ကြောင်တောင်တောင်နှင့်ပင်။

သို့သော်လည်း သူ့နှလုံးသားထဲမှ အနည်းငယ်သော မျှော်လင့်မှုတို့ကိုလည်း မမျိုသိပ်နိုင်ခဲ့ပါပေ။ ယဲ့ထင်၏ dialog box ကို ဖွင့်လိုက်သောအခါ သူပို့လာသည့် ထိုစာကို တွေ့လိုက်ရသည်___မင်းကိုအရမ်း သတိရတယ်။ မင်းနဲ့ အပိုအလိုမရှိ တစ်ထပ်တည်း ကျသွားလောက်အောင် ပိုမြန်မြန်လေး တိုးတက်သွားချင်တယ်။ ပိုစောစောလေး မင်းနဲ့အတူတူ အိပ်ချင်တယ်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now