ကျောက်ရှန့်ဟိုင်သည် လဲ့လဲ့၏ ထိုကဲ့သို့ ဝမ်းနည်း မကျေနပ်ရမှုတို့ကို မမြင်လို၍ ပန်းကန်ကို ချလိုက်ကာ ရှောက်ယယ်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

ရှောက်ယယ်က တိုးလျသော အသံနှင့်

"ဘာဖြစ်တာလဲ"

"အိမ်မှာပဲ နေပြီး လဲ့လဲ့နဲ့ ထမင်းစားပေး"

ကျောက်ရှန့်ဟိုင်သည် သူ့လေသံကို ပျော့ပြောင်းအောင် အစွမ်းကုန် ကြိုးစားခဲ့ပြီး

"သူမင်းကို လွမ်းနေခဲ့တာ တော်တော်ကြာပြီ"

ရှောက်ယယ်၏ အာဒမ်ပန်းသီးသည် အနည်းငယ် လှုပ်ယမ်းသွားပြီး ခေါင်းလှည့်ကာ လဲ့လဲ့ကို ကြည့်နေရင်း အတော်ကြာကာမှ လဲ့လဲ့ရှေ့ လျှောက်သွားကာ ဒူးထောက် ထိုင်လိုက်ပြီး လဲ့လဲ့၏ ပါးပြင်ကို ပွတ်သပ်ရင်း ပြောလာသည်။

"လဲ့လဲ့ ပြောစကား နားထောင်။ ဖေဖေလေးမှာ တကယ် ညစာစားပွဲ ရှိလို့၊ လုပ်ရမယ့် ကိစ္စတွေလည်း ရှိတယ်။ သမီးနဲ့ ဖေဖေကြီး နှစ်ယောက်ထဲ စားလည်း အတူတူပဲ"

"ရှောက်ယယ်"

ကျောက်ရှန့်ဟိုင်သည် လေသံကို တင်းမာလိုက်သည်မို့ နားထောင်ရသည်မှာ အနည်းအငယ် မရွှင်မပျ ဖြစ်လာစေပြီး

"ငါလည်း အပြင်မှာ ညစာစားပွဲ မတက်ဘူးတာ မဟုတ်ဘူး။ အိမ်မှာ ထမင်းတစ်နပ်လေး စားတာ၊ အချိန် ဘယ်လောက်မှလည်း မကြန့်ကြာသွားနိုင်ပါဘူး"

ရှောက်ယယ်သည် ကျောက်ရှန့်ဟိုင်၏ အေးစက်သော မျက်နှာထားကို ကြည့်လိုက်သည်နှင့် သူ့နှလုံးသားထဲတွင် ချက်ချင်းဆိုသလို တောက်လောင်လာသည်။

"ကျုပ်မှာ တကယ် ကိစ္စရှိလို့၊ နောက်မှ ဆက်ပြောမယ်"

သူသည် ခြေလှမ်းကျယ်ကြီးများဖြင့် အဝင်ဝကို လျှောက်သွားသည်။

သူ တံခါးအပြင်ဘက်ကို ထွက်သွားတော့မည့် အချိန်မှာပဲ ကျောက်ရှန့်ဟိုင်က ရုတ်တရက် သူ့အား ရပ်တန့်စေလိုက်ပြန်သည်။

ရှောက်ယယ် ပြန်လှည့်ကြည့်သောအခါ ထမင်းစားခန်း၏ ဝါကျင်ကာ မှိန်ပျနေသော အလင်းရောင်အောက်တွင် မတ်စောက်သော ပင်လယ်၏ ဇောက်အနက်အား တိုင်းတာရန် ခက်ခဲသကဲ့သို့ ကျောက်ရှန့်ဟိုင်၏ မျက်ဝန်းခမ်းစပ်သည်လည်း ထိုကဲ့သို့ နက်ရှိုင်းနေပြီး နားမလည်နိုင်သော စိတ်ခံစားချက်များ ရောယှက်နေသည်ကိုသာ တွေ့လိုက်ရသည်။ သူသည် ကြမ်းရှသော လေသံနှင့် အချိုးမကျသော စကားတစ်ခွန်းကို ပြောလာခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now