Chapter 8

1K 207 5
                                    

နောက်ဆုံးမှာတော့ သွေးတိတ်အောင်လုပ်ပြီး ငါ့ထက် သေးတဲ့ ကျုကျွယ်ရဲ့ ကျောပိုးတာ ခံလိုက်ရတယ်။ ငါ ရီဝေဝေဖြစ်နေပေမယ့် အခုအခြေအနေက ဒီအတိုင်း မေ့လဲသွားဖို့ အဆင်မပြေဘူး။ အားလုံး အဆင်ပြေပြေဖြစ်ပါစေလို့ပဲ ငါမျှော်လင့်တယ်။ စကားမစပ် ကျုကျွယ်က ခန္ဓာကိုယ်က သေးနေတုန်းပဲဆိုပေမယ့် သူ့မှာ ကျယ်ပြန့်တဲ့ ပခုံးရှိတယ်။ ငါ တစ်ဆယ့်လေးနှစ်တုန်းကတောင် ငါ့ပခုံးတွေက အဲ့လောက်မကျယ်ဘူး။ ဒီတော့ သူက ကြီးလာရင် ငါ့ထက်တောင် အရပ်ရှည်နိုင်တယ်။

... ငါ ကျုကျွယ်ကို အခုကစပြီး နို့လျှော့တိုက်ရတော့မလား?

အလဟဿတွေတွေးနေမိတာပဲ။ ကလေးတွေက သူတို့အရပ်ထွက်နိုင်သလောက် ရှည်သင့်တယ်။ ငါလည်း အခုဆို ၁.၇၈ မီတာရှည်တာပဲ။ အရမ်းကြီး ပုတဲ့အထဲမပါပါဘူး။ ငါက သဘောထားကြီးတာမို့ ဒီလို ကိစ္စနဲ့ပတ်သက်ပြီး သူ့ကို မဖိနှိပ်တော့ပါဘူးလေ။

ကျုကျွယ်က ငါ့ကို ကျောပိုးပြီး ဂူထဲဝင်သွားတယ်။ ဂူထဲ အလင်းမဝင်နိုင်တာမို့ ငါ့လက်ကနေပြီး အလင်းမှုန်လေးတွေ ထုတ်လိုက်တယ်။ အရမ်းမလင်းပေမယ့် ငါတို့ခြေထောက်အောက်က မြေကြီးကိုတော့ မြင်ရပါသေးတယ်။ ဒါပေမယ့် ကျုကျွယ်က သွားနေတာရပ်လိုက်ပြီး

"ရှစ်ရှုန်း"

"ဟင်"

"အလင်းမထုတ်ပါနဲ့။ ကျွန်တော် မြင်ရပါတယ်။"

ဒီတော့ ငါတို့ဇာတ်လိုက်လေးက ညဘက်အမှောင်ထဲမြင်နိုင်တယ်ပေါ့။ ဒါပေမယ့် ငါက မမြင်ရဘူးလေ။ ပြီးတော့ လုံးဝကို မှောင်မည်းနေတဲ့ အမှောင်ထုကြီးက ငါ့ကို နည်းနည်းတော့ ကြောက်လန့်စေတယ်။ ကျင့်ကြံသူတွေက ဝိညာဉ်တွေနဲ့ တစ္ဆေသရဲတွေကို ကြောက်ဖို့မလိုတာများလား။ ဒါပေမယ့် ငါကြက်သီးထတုန်းပဲ။ ပြီးတော့ အလင်းမှုန်ထုတ်တာက အဲ့လောက်ကြီးလည်း ဝိညာဉ်စွမ်းအားကုန်စေတာမှ မဟုတ်တာ။

"ရှစ်ရှုန်း၊ သွေးတွေ အများကြီးထွက်ထားပြီးပြီလေ။ ဝိညာဉ်စွမ်းအားကို မဖြုန်းသင့်တော့ဘူး။"

"အိုး ၊ ဒါက အဲ့လောက်လည်း ဝိညာဉ်စွမ်းအား မကုန်ပါဘူး။"

အတန်ကြာလျှောက်ပြီးနောက် ငါတို့မြင်ကွင်းက တဖြည်းဖြည်းချင်း ရှင်းလင်းလာတယ်။ အုံ့ဆိုင်းထူထပ်တဲ့ တောအုပ်တစ်ခုက ငါတို့ရှေ့မှာ ဆီးကြိုနေတယ်။ ခြုံ၊မြက်၊ နွယ်တွေမရှိတဲ့ လမ်းကျဉ်းလေးတစ်လမ်းကိုလည်း စိမ်းစိုပြီး ထူထပ်တဲ့သစ်ပင်တွေကြားမှာ တွေ့လိုက်ရတယ်။ ကျုကျွယ်က ခဏလောက်ပဲရပ်လိုက်ပြီး ရှေ့ဆက်သွားလေရဲ့။ ဒီနေရာမှာတင် ရပ်လိုက်ဖို့က အဓိပ္ပာယ်မရှိဘူးဆိုတာသိပေမယ့် ငါတို့လျှောက်လာတာ တော်တော်ကြာပြီလေ။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now