ထန်ယီမင်အတွက်တော့ ရှန်းချိုက်သည်ကံကောင်းစေသောကြယ်ပွင့်လေးနှင့် အဓိပ္ပါယ်တူညီ၏။ သို့သော် ဤစကားများက ရှောင်ချင်း၏နားထဲသို့ရောက်သွားသောအခါ အဓိပ္ပါယ်လုံးဝကွဲပြားသွားတော့သည်။

ရှောင်ချင်းက မနာလိုစွာနားထောင်ရင်း " မင်းရဲ့ချစ်သူကောင်မလေးက တစ်ကယ်ကိုဝမ်ဖုပီသတာပဲ "
(ဝမ်ဖု = ရှေးခေတ် ပဒေသရာဇ်အခေါ်အဝေါ်တစ်ခု၊ ခင်ပွန်းသည်အတွက် ကံကောင်းစေသောအမျိုးသမီးတစ်ဦးအား ခေါ်ဝေါ်သည်။ (မျက်နှာသွင်ပြင်အပေါ် အခြေခံ၍) )

ထန်ယီမင် : "... သူက ယောက်ျားလေးပါ"

ရှောင်ချင်း : "အိုး ဒါဆိုလည်း မင်းရဲ့ချစ်သူကောင်လေးက တစ်ကယ်ကိုဝမ်ဖုပီသတယ်"

ထန်ယီမင် : "... ????"

ထန်ယီမင် ပြန်မရှင်းပြနိုင်မီတွင် ဝန်ထမ်းများသည် သူတို့အားလုံးအား အစည်းအဝေးခန်းဆီသို့ ခေါ်ဆောင်သွား၏။

ပထမနေ့နှင့်မတူပဲ အားလုံး၏မျှော်လင့်ချက်နှင့်စိတ်လှုပ်ရှားမှုများမှာ ယနေ့၌ အနည်းငယ်ပို၍ထိုင်းမှိုင်းနေလေသည်။

နိုင်ငံပေါင်း​ ၆ နိုင်ငံမှ ကိုယ်စားလှယ်လောင်း ၇၀ နီးပါးသည် လှေကားထစ်အစည်းအဝေးခန်းတွင်ထိုင်ကာ နောက်ဆုံးရလဒ်ကို  စောင့်ဆိုင်းနေခဲ့ကြ၏။

ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုနေကြကာ - အင်္ဂလိပ်၊ ဂျပန်၊ ရုရှား ...စသဖြင့် မိနစ်အနည်းငယ်အတွင်း ကံကောင်းသူခြောက်ဦးသည် ဤနေရာတွင်ပေါ်ပေါက်လာတော့မည်ဖြစ်ကာ ထိုသူတို့သည် Blizzard အင်တာတိန်းမန့်ထုတ် လျှို့ဝှက်ဆန်းကြယ်လက်ရာ၏  နောက်ကွယ်မှသူရဲကောင်းများ ဖြစ်လာကြမည်ပင်။

Blizzard ကလည်း သူတို့ကိုအကြာကြီးမစောင့်ခိုင်းပေ။

ခဏအကြာတွင် အစည်းအဝေးခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး လူငါးယောက်က တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြ၏။

ဂိမ်း၏ အဓိကဗျူဟာမှူးနှင့် သူတို့အားလုံး ယခင်ကမြင်ဖူးသော အဓိကအကြီးအကဲအပြင်၊ အဖွဲ့၏နောက်ဆုံး၌ အနီရောင်ဆံပင်ကောက်ကောက်နှင့်လူငယ်တစ်ဦးလည်း လိုက်ပါလာလေသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now