နှာတရှုံ့ရှုံ့ဖြစ်နေသောဂျောင်ကုကို ဘေးနားကအဘိုးအိုက သတင်းစာဖတ်နေရင်းလှည့်ကြည့်လာသည်။
ဂျောင်ကုကတော့ အပြင်ဘက်ကိုငေးနေသည်မို့ သူ့ကိုကြည့်နေမှန်း သတိမထားမိ။

" ဘယ်ကလဲ လူလေး "

အီတလီသံခပ်ဝဲဝဲနှင့်အင်္ဂလိပ်လိုမေးလာသော အဘိုးအိုကို ဂျောင်ကုလှည့်ကြည့်ကာ အရင်ဆုံးပြုံးပြလိုက်သည်။

" ကိုရီးယား ...တောင်ကိုရီယားကပါ "

အဘိုးအိုက ခေါင်းတငြိမ့်ငြိမ့်လုပ်နေပြီး ဂျောင်ကုကတော့ စကားဆက်ပြောရမလား၊ဘာဆက်လုပ်ရမလဲ မသိဘဲ ကြောင်စီစီပြုံးကာသာ ကြည့်နေသည်။ရထားဘူတာရုံအရှေ့ ဘတ််စ်ကားရောက်ခါနီးပြီမို့ တကြွကြွလုပ်နေသော ဂျောင်ကုကိုကြည့်ကာ သူဒီမှတ်တိုင်တွင် ဆင်းရတော့မည်မှန်း အဘိုးအို သိလိုက်သည်။

" ဒီမှတ်တိုင်မှာဆင်းရမယ်ထင်တယ် ... "

" ဟုတ်ပါတယ် "

ထိုင်ခုံဘေးချထားသော အထုပ်တစ်ထုပ်အားယူပြီးလက်ထဲပိုက်ကာ ကားပေါ်ကဆင်းရန် အသင့်ဖြစ်နေသော ဂျောင်ကုအား အဘိုးအိုက တစ်ဖန်စိုက်ကြည့်နေပြန်သည်။ထိုကဲ့သို့ကြည့်နေမှန်း သတိထားမိသည့် ဂျောင်ကုက တွန့်ဆုတ်ဆုတ်ဖြင့် အဘိုးအိုထံလှည့်ကြည့်သည်။နှာစီးနေသလိုခံစားရနေသည်မို့ နှာတရှုံ့ရှုံ့ဖြစ်နေသေးသည့် ဂျောင်ကုအား အဘိုးအိုက တစ်ခုခုပြောချင်နေသလိုလို မေးချင်နေသလိုလိုပုံပေါ်နေသည်။

" အခု တရုတ်နိုင်ငံ ဝူဟန်မြို့က ပျံ့လာတဲ့ရောဂါပိုးက ကြောက်စရာကောင်းတယ် ... သတိထားအုံး "

ဂျောင်ကု ဘာပြောရမှန်းမသိတော့ဘဲ ပြူးကြောင်ကြောင်သာကြည့်နေမိသည်။ဘတ်စ်ရပ်သွားတော့မှပဲ အဘိုးအိုကို ပြုံးပြ၍ ခေါင်းငြိမ့်ပြကာ ကားပေါ်ကနေ မြန်မြန်ဆင်းလာခဲ့သည်။

ထိုရောဂါပိုးပျံ့နေကြောင်း၊တစ်ချို့နိုင်ငံတွေမှာလည်း ထိုရောဂါပိုးကူးစက်ခံရသူတွေတွေ့နေရကြောင်းကို ဂျောင်ကု သိတော့သိသည်။လူတွေ အချိန်ခဏလေးမှာပဲ သေဆုံးသွားကြ​ခြင်းကြောင့် ထိုရောဂါပိုးကြီး ကမ္ဘာအနှံ့ပျံ့သွားမည်ကိုလည်း ဂျောင်ကု စိုးရိမ်နေသည်။အခုတော့ ထိုအဘိုးအို၏အပြောကြောင့် ဂျောင်ကု စိတ်ထဲ ခိုးလိုးခုလုဖြစ်ကုန်တော့သည်။အခုသွားမည့် အီတလီ  မီလန်မြို့မှ ဆွစ်ဇာလန် ဇူရက်မြို့သို့ သွားမည့် ခရီးစဥ်ကို ပျော်ပျော်ပါးပါးသွားဖို့ကိုပင် ဂျောင်ကုမရဲတော့ပေ။ဒါပေမဲ့လည်း ဆိုးဆိုးရွားရွားကြီး ဖြစ်လာမည်မဟုတ်၊ အလွန်ဆုံးကြာ ငါးလ လောက်ပေါ့ဟု ခပ်ပေါပေါ့တွေးကာ စိတ်ထဲက လေးပင်မှုတွေကို ဖြေလျှော့လိုက်သည်။

One Step Closer • jinkook ( Eden Contest )Where stories live. Discover now