လန်ထျန်းသည် ထောင့်တစ်နေရာတွင် ပုန်းနေပြီး ထိုလူအား ထိတ်လန့် မှင်သက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။

စောက်ကျိုးနည်း တွေးလိုက်တာနဲ့ ပေါ်လာတော့တာပဲ။

မထင်မှတ်ပါဘဲ ရွမ်ယမ့်ထင်မှာ ဤနေရာထိပင် အမဲလိုက်နိုင်ခဲ့သည်။

လန်ထျန်းသည် မိမိ ဘယ်ဆီဘယ်နားတွင် ရှိနေသည်ကို ဖော်ပြမိသွားသလို ဖြစ်နေမှာကို ကြောက်ရွံ့ကာ ကမူးရူးထိုး ဖြစ်လို့နေသည်။ မျက်လုံးများကို ပွတ်သပ်နေရင်းမှ ရွမ်ယမ့်ထင်ကို ကြည့်မိလိုက်ရာ ထိုလူမှာ မိမိအား လုံးဝကို မမြင်ပါဘဲ ထိုအစား နံဘေးမှ ထိုအမျိုးသမီးအား ခေါင်းညိတ်ပြပြီး ဖွဖွကလေး ပြုံးပြနေသည်။ ထိုအမျိုးသမီးက ရွမ်ယမ့်ထင်၏ လက်မောင်းကို ဆွဲကိုင်လိုက်သော်လည်း ရွမ်ယမ့်ထင်က မငြင်းဆိုသည့်အပြင် ထိုအမျိုးသမီး အေးခဲနေမှာ ဆိုးသည့်အလား မိမိ၏ အပေါ်ဝတ်ကိုပါ ချွတ်ပစ်လိုက်ပြီး သူမ၏ ကိုယ်ခန္ဓာပေါ်တွင် လွမ်းခြုံပေးလိုက်သေးသည်။

ထိုမြင်ကွင်းအား ခပ်ဝေးဝေးမှ လှမ်းမြင်နေရသော လန်ထျန်း၏ ရင်ဘတ်ထဲတွင် ဆို့နင့်လာပြီး ဖော်ပြ၍ မရသော ချဥ်စူးစူး၊ ယားကျိကျိနှင့် အောင့်သက်သက် ဝေဒနာများ လှိုက်တက်လာ၏။

သူနှင့် ရွမ်ယမ့်ထင် သိကျွမ်းလာသည်မှာ ဆယ်စုနှစ် နှစ်စုစာပင် ကျော်ပေတော့မည်။

ငယ်ရာမှ ကြီးပြင်းလာသည်အထိ ရွမ်ယမ့်ထင်သည် အချိန်တိုင်း မိမိ၏ အစ်ကိုကြီး တစ်ယောက်ကဲ့သို့ 'ဟိုဟာမလုပ်နဲ့၊ ဒီဟာလည်း မလုပ်နဲ့' နှင့် မိမိအား သေမတက် စောင့်ကြပ်ထားပြီး သူကသာ မိမိ၏ မူပိုင်ရှင်ကဲ့သို့ ပြုမူနေတော့၏။

လွန်ခဲ့သော ရက်အနည်းငယ်က လန်ထျန်းသည် စီးပွားရေး ကိစ္စများကြောင့် လွတ်လပ်မှု၏ အခွင့်အာဏာကို ရရှိသွားခဲ့ပြီး လွတ်မြောက်ခြင်း လေထုကို ဝဝလင်လင် မရှူရှိုက်လိုက် ရသေးခင်မှာပင် ရွမ်ယမ့်ထင်၏ ကုတင်ပေါ် ဆွဲခေါ်ခံလိုက်ရပြီး ဖာ့ခ်!

ထိုနေ့က နိုးလာသည့် အချိန်တွင် လန်ထျန်း၏ ဦးခေါင်းမှာ ပေါက်ကွဲတော့မယောင် နေ့တစ်ဝက်လောက် ရူးသွပ်သွားခဲ့၏။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now