ထို့နောက် သူသည် တံခါးကို တွန်းဖွင့်ကာ အခန်းထဲ ဝင်လိုက်တော့သည်။

လန်ထျန်းမှာလည်း ရန်ကျားလိ အခန်းထဲ ဝင်သွားသည်ကို မြင်မှသာ သက်ပြင်းချနိုင်ခဲ့သည်။

သူသည် ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်ပြီး သံသယဖြစ်ဖွယ် ပုဂ္ဂိုလ်များ မရှိကြောင်း အတည်ပြုပြီးမှသာ စိတ်သက်သာရာ ရသွားသည်။

လန်ထျန်းသည် အောက်ထပ်မှ ပြတင်းပေါက်နှင့် နီးသော စားပွဲလေးတစ်လုံး ရှာလိုက်ပြီး စားပွဲထိုးအား ကိုကာကိုလာ အေးအေးလေးတစ်ခွက် လာချခိုင်းလိုက်သည်။

တစ်ချိန်က အိမ်မှာရှိစဥ်တုန်းက သူ့တွင်လည်း ငါးနှစ်နှင့် ခုနစ်လကြီးသည့် ရွမ်ယမ့်ထင်ဆိုသူ ရှိခဲ့ဖူးသည်။ သူသည်လည်း မိမိ၏ ဖအေတစ်ယောက်လို နေ့စဥ်နေ့တိုင်း စောင့်ကြည့်နေပြီး မိမိအားလည်း ကိုကာကိုလာကို တစ်ငုံထက် ပိုပြီးပင် ပေးမသောက်ခဲ့ချေ။

အခုတော့ သူလည်း လွတ်မြောက်သွားခဲ့ပါပြီ။ ကမ္ဘာကြီးက ဒီလောက်ကျယ်တာ၊ အခုသူ့ကို ဘယ်သူက စောင့်ကြည့်နိုင်တော့မှာလဲ၊ ဘယ်သူက စောင့်ကြည့်နိုင်တော့မှာလဲလို့.....

လန်ထျန်းသည် ပိုက်ကို ကိုက်လိုက်ပြီး မျက်လုံးတစ်စုံက ဝိုင်းစက်သွားကာ ရင်ဘတ်ကြီး ထွက်ပေါက်တော့မတက် အရူးအမူး သောက်ပစ်လိုက်ပေတော့မည်။

သို့သော် မမျှော်လင့်ဘဲ ခေါင်းမော့လိုက်ချိန်မှာတော့ မနီးမဝေးတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသားကို မြင်လိုက်ရုံနှင့် လန်ထျန်း၏ မျက်နှာလေးသည် တစ်မုဟုတ်ချင်း ဖြူဆုတ်သွားပြီး လန့်ဖြန့်သွားသည် ယုန်တစ်ကောင်နှယ် ထောင့်ကလေးထဲ တိုးဝင်သွားလေ၏။

မလှမ်းမကမ်းမှ ထိုအမျိုးသား၏ ကိုယ်ခန္ဓာမှာ ကျစ်လျစ်သန်မာပြီး အရပ်အမောင်းသည်လည်း မြင့်မားလှ၏။ ရုပ်ရည်မှာ ခန့်ညားပြေပြစ်ပြီး မျက်လုံးထဲတွင်လည်း ဘေးအိမ်က အစ်ကိုကြီးကဲ့သို့ နူးညံ့သိမ်မွေ့မှုများ ရှိနေသည်။ အနောက်တိုင်း ဝတ်စုံပြည့် ဝတ်ဆင်ထားသော်လည်း သူ့ပုံစံမှာ ငယ်ရွယ်ပျိုမျစ်ပြီး အလားအလာရှိသော အထက်တန်းစား ဟန်ပန်မျိုးရှိသည်။ သူ လျှောက်လာသည်နှင့် ခန်းမအတွင်းမှ ကျားမမရွေး လူသူအားလုံး မျက်လုံးပင့်ကာ ချောင်းမြောင်း ကြည့်ရှူကြကုန်၏။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now