"အပြင်မှာ နှင်းကျနေတာ မင်းမမြင်ဘူးလား။ အပေါ်ဝတ်နဲ့ ထီးငါ့ကိုပေး။ ဝက်သေကောင်လိုပဲ ဘာအလုပ်မှကို မလုပ်ဘူး၊ အဲ့ဒါများ ဘာလို့ ထမင်း စားနေသေးလဲ!"

အမျိုးသမီးငယ်လေးသည် ကပျာကယာနှင့် ပစ္စည်းများကို ဝမ်ယန်ဆီ လှမ်းပေးလိုက်သည်။

ဝမ်ယန်သည် သုန်မှုန်နေသော မျက်နှာထားနှင့် ကားပေါ်မှ ဆင်းလာသည်။ စံအိမ်၏ ဦးဆောင်လမ်းပြသူက သူ့အား သီးသန့်အခန်းထဲသို့ ခေါ်ဆောင်သွားပေးသည်။

သီးသန့်အခန်း၏ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဝမ်ယန်၏ မျက်နှာထားမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ နှုတ်ခမ်းစွန်းများမှ တစ်မုဟုတ်ချင်း ကွေးတက်သွားပြီး စီတန်းနေသည့် သွားဖြူဖြူလေးများ ထွက်ပေါ်လာသည်။ မျက်လုံးတစ်စုံမှာလည်း ဖြူစင်ကြည်လင်သွားပြီး လောကအကြောင်း မသိ၊ နားမလည်သည့် ကလေးသူငယ် တစ်ယောက်ကဲ့သို့ ဖြစ်သွားလေသည်။

သူ အခန်းထဲ ဝင်လိုက်သည်နှင့် စားပွဲမှ လူအားလုံးကို လိမ္မာပါးနပ်စွာနှင့် ဂါရဝပြု ဦးညွတ်လိုက်သည်။

သူ၏ ယဥ်ကျေးရည်မွန်သော အပြုအမူကြောင့် သူဌေးကြီး လေးငါးယောက်လောက်က အပျော်အပြက်အနေနှင့် သူ့ကို သုံးခွက်လောက်သာ သောက်ခိုင်းပြီး အပြစ်ပေးလိုက်ကာ ထိုင်ခိုင်းလိုက်သည်။

ဝမ်ယန် မျက်လုံးတစ်ချက်လောက် ဝေ့ကြည့်လိုက်ချိန်တွင် ပတ်ပတ်လည်မှ နေရာအားလုံး ပြည့်နေပြီဖြစ်ပြီး ယဲ့ထင်နံဘေးမှ ထိုင်ခုံ တစ်နေရာစာသာ လွတ်နေခဲ့သည်။

မဆိုစလောက် ခုန်လှုပ်နေသော နှလုံးသားနှင့် ထိုနေရာမှာ ဝင်ထိုင်လိုက်သည်။

ယဲ့ထင်၏ လက်ထဲတွင် ဝိုင်ခွက်တစ်ခွက် ကိုင်ထားပြီး ဝမ်ယန်တစ်ယောက် သူ့နံဘေးတွင် ထိုင်ချလိုက်သည့်တိုင် မိမိအား တစ်ချက်မျှသာ ကြည့်သွားပြီး စကားတော့ ပြောမလာခဲ့ပေ။

ဝမ်ယန်က သတ္တိရှိစွာနှင့် ဝိုင်ပုလင်းကို ကောက်ယူလိုက်ပြီး အပြုံးမျက်နှာနှင့်

"ဥက္ကဌယဲ့"

ယဲ့ထင်သည် လှည့်ကြည့်လာပြီး ဝမ်ယန်အား တစ်ချက်မျှ စူးစူးရဲရဲ စိုက်ကြည့်ပြီး အတန်ကြာမှ သူနှင့် ခွက်ချင်းတိုက်လိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now