အရင်က ထက်ပင် ပိုအေးလာသည့် ယွင့်လဲ့တောင်၏ အပြောင်းအလဲက လူတချို့ကို အာရုံစိုက်လာစေခဲ့သည် ။ အဖြစ်အပျက်များကို သိနေသော မို့ယောင်၏ မျက်နှာသည် မဲမှောင်လာခဲ့ကာ နေ့စဉ်နဲ့အမျှ သောကအပြည့်ဖြင့် ဖြစ်လာခဲ့သည် ။
ယုလန်သည် ခြံဝင်းငယ်လေးအရှေ့တွင် တစ်နှစ်ကြာစောင့်ခဲ့သော်လည်း လူရိပ်လေးပင် မတွေ့ရသည့်အချိန်တွင် သူမ၏ နှလုံးသားလေးမှာ တစစီကြေမွသွားတော့သည် ။ ချန်းယန်သည် သူမနဲ့ မျက်နှာချင်း မဆိုင်ဝံ့လောက်အောင် ဖြစ်နေသည်ဟု ယူဆကာ ခံစားချက်များ မျိုသိပ်နေခဲ့ဟန်ဖြင့် ပြန်လာခဲ့ရတော့၏ ။
သောကအရောက်ဆုံးမှာ တပည့်နှစ်ယောက်အား ရှာမတွေ့သည့် ဟန်ရဲ့သာ ဖြစ်တော့သည် ။ သူက ယွင်လဲ့တောင် အနှံ့ရှာချင်သော်လည်း အခြားသူများ အာရုံစိုက်မိသွားမည်စိုး၍ ဖြေးဖြေးချင်းသာ ရှာဖွေနေရသည် ။ အပြင်လောကတွင် သူ့တပည့်များ တံခါးပိတ်ကျင့်ကြံနေသည်ဟု သတင်းလွင့်ထားရ‌တော့သည် ။
အချိန်ကြာလာသည်နဲ့ အမျှ ပါရမီရှင်များ ပေါ်လာခဲ့ကာ ချန်းယန်နဲ့ လော့ကျွင်း၏ နာမည်များမှာ ငုတ်လျိုးသွားခဲ့သည် ။ ထိုနှစ်ယောက် လူမြင်ကွင်းတွင် ပေါ်လာသည့်အချိန်မှာ ရတနာမျှော်စင်တွင်သာ ဖြစ်ခဲ့၏ ။ ပါရမီရှင်များ ပေါ်လာခဲ့သလို မို့ယောင်၏ ကျော်ကြားမှုကလဲ ဆထက်တပိုး တိုးတက်လာခဲ့သည် ။ သူသည် သွားလေရာတွင် မုန်တိုင်းထန်အောင် ပြုလုပ်နိုင်သည့် ထိပ်ဆုံးအဆင့် ပါရမီရှင် ဖြစ်လာကာ မည်သူမှ သူ့အား မယှဉ်နိုင်ပေ ။
ကောလဟာလများတွင် မို့ယောင်သည် ချန်းယန်နဲ့ လော့ကျွင်း အား တိတ်တဆိတ် သတ်ပစ်လိုက်သည်ဟု ဆိုကြပြီး တချို့က ထိုနှစ်ယောက် တံခါးပိတ်ကျင့်ကြံနေ၍ မို့ယောင်သည် အမောက်ထောင်နိုင်နေခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသည် ။ သို့သော် ဟန်ရဲ့သည် ပါးစပ်ပိတ်နေကာ မို့ယောင်သည် ဖာသိဖာသာ သာနေ၍ မည်သူမှ အဖြစ်အပျက်အား အတိအကျမသိကြပေ ။
ဘုန်း!!! ဘုန်း!!!
အနက်ရောင်မိုးကြိုးအလင်းတန်းက ကျရောက်သွားကာ ပြိုင်ဘက်အား စင်မြင့်မှ လွင့်ထွက်သွားစေခဲ့သည် ။ ပြုတ်ကျသွားသည့် လူငယ်လေးက ကပိုကရို ဖြစ်နေကာ လက်နှစ်ဖက်ကို ယှက်လျက် အရိုအသေပေးလိုက်ပြီး ကြောက်လန့်တကြား ထွက်သွားတော့သည် ။