သို့သော် ယနေ့မှာတော့ ရန်ကျားလိက ဤကဲ့သို့ နာမကျန်း ဖြစ်သွားခဲ့ပြီမို့ ယဲ့ထင်တစ်ယောက် တွန့်ဆုတ်သွားပြီး မည်သို့သော အခြင်းအရာကိုမှ မစွမ်းသာနိုင်တော့ပါပေ။

ကျောက်ရှန့်ဟိုင်သည် ယဲ့ထင်ထံသို့ အေးစက်စက် အကြည့်တစ်ချက် ပို့လွှတ်လိုက်ပြီးမှ ရန်ကျားလိကို ပြန်ကြည့်ကာ

"မင်းရဲ့ကိစ္စတွေ ကိုယ်ကြားပြီးပါပြီ။ အခု ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား"

ရန်ကျားလိသည် ကျောက်ရှန့်ဟိုင်၏ လက်ကိုသာ ဆုပ်ကိုင်ထားပြီး မည်သို့သော စကားမှ မဆိုလာခဲ့ပေ။

မူလက အလွန် အေးဆေး တည်ငြိမ်သော အမူအရာရှိသည့် ကျောက်ရှန့်ဟိုင်သည် ရုတ်တရက် ထိတ်လန့်သွားပြီး ယဲ့ထင်ကို အမြန် လှမ်းကြည့်လိုက်သည်။ ပြီးကာမှ ခေါင်းပြန်လှည့်လာသည်။

ယဲ့ထင်သည် ရန်ကျားလိမှ ကျောက်ရှန့်ဟိုင်၏ ထိုလက်ကို ဆုပ်ကိုင်ထားသည်ကို ကြည့်နေရင်း စိတ်နှလုံးသည် တစ်စတစ်စနှင့် တင်းကျပ်လာသည်။

သူ့ မျက်လုံးများသည် မှိုင်းညို့နေပြီး မိမိကိုယ်ကိုယ် လက်မပါမိအောင် အံသွားများကို ခပ်တင်းတင်း ကြိတ်ထားရသည်။

ထို့နောက် ရန်ကျားလိ၏ နံဘေးသို့ လျှောက်သွားပြီး ယဲ့ထင်သည် အတတ်နိုင်ဆုံး လေသံကို လျှော့ချထားကာ ဆေးနှင့် ရေနွေးကို ကမ်းပေးလိုက်သည်။

"ဆေးသောက်တော့"

ရန်ကျားလိသည် မည်သို့သော တုံ့ပြန်မှုမှ မပြုခဲ့ပေ။

ယဲ့ထင်၏ မျက်လုံးများက သုန်မှုန်သွားပြီး လက်ဆန့်ထုတ်ကာ ရန်ကျားလိအား မိမိနံဘေးသို့ ရောက်အောင် ဆွဲခေါ်လိုက်ချင်ခဲ့သည်။

ရန်ကျားလိသည် ယဲ့ထင် တစ်ချက်ထိလိုက်သည်နှင့် စတင်ရုန်းကန်လာကာ ပြတ်ပြတ်သားသား ငြင်းဆန်လိုသည့်သဘောကို ဖော်ပြခဲ့သည်။

ကျောက်ရှန့်ဟိုင်က လေသံဖျော့ဖျော့နှင့် နှစ်သိမ့်ပေးသည်။

"ဘာမှ မဖြစ်ပါဘူး၊ ဘာမှ မဖြစ်ပါဘူး..."

ယဲ့ထင်၏ လက်သည်းခွံများသည် ဖျစ်ညှစ်ခံထားရ၍ သွေးရောင်မဲ့သွားသည့်တိုင် ရင်ဘတ်ထဲမှ ဒေါသမီးတောက်ကိုတော့ မငြိမ်းသတ်နိုင်ခဲ့ပါပေ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now