Chapter - 1

726 95 26
                                    

" ဒါဆို အိမ်မှာပဲ စောင့်နေလိုက်။ ဘာဝယ်လာခဲ့ရဦးမလဲ။ "

ဂျုံအင် ဓာတ်လှေကားထဲ ဝင်လိုက်ပြီး အောက်ဆုံးထပ်ကို ဆင်းမည့်ခလုတ်ကို နှိပ်လိုက်သည်။ ဖုန်းကို ပုခုံးနဲ့ နားကြားမှာ ညှပ်လိုက်ပြီးနောက် လက်ထဲမှ စာရွက်စာတမ်းတွေကို သိုင်းလွယ်ထားတဲ့ အိတ်ထဲသို့ သေချာထည့်လိုက်သည်။ စာရွက်အစွန်းလေးတွေ ခေါက်နေရင် ဂျုံအင် လုံးဝသဘောမကျ။

" အင်း ထယ်ဆော့။ အခုပြန်လာနေပြီ။ "

ဓာတ်လှေကားထဲမှာ လူတစ်ယောက်သာ ရှိသည်။ ထိုလူမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်သလို မျက်နှာထားဖြင့် ရပ်နေသည်။ သူ့ပုံစံမှာ နည်းနည်းတောင် ကြောက်စရာကောင်းနေသလိုပင်။ ဝန်ထမ်းကတ်လည်း ဆွဲမထား၍ ဒီကုမ္မဏီက ဟုတ်ပုံမရ။ တော်ပါသေးသည်။ အင်တာဗျူးအောင်ပြီး ဒီကုမ္မဏီမှာ အလုပ်သင်အဖြစ် အလုပ်ဆင်းရလို့ ဒီလိုလူသာ သူ့အထက်လူကြီးဆိုလျင် တော်တော်မလွယ်မည့်သဘောပင်။

ရုံးချိန်အတွင်း မို့လို့လားမသိ။ လူရှင်းနေသည်။ ကောင်တာမှ ဝန်ထမ်းအစ်မရဲ့ " အင်တာဗျူးအောင်တဲ့သူတွေကို နောက်တစ်ပတ်အတွင်း ဆက်သွယ်ပေးပါ့မယ်ရှင့် " ဟူသောစကားကို ကြားယောင်မိတော့ ပြုံးမိသွားသေးသည်။ ဂျုံအင်ရဲ့ရည်မှန်းချက်က ဘွဲ့တစ်ခုရပြီး ဝင်ငွေကောင်းသည့် အလုပ်လေးနှင့် မပူမပင် နေထိုင်ရလျင် ကျေနပ်ပြီ။

ဓာတ်လှေကားမှာ ၁၅ ထပ်မှ အောက်သို့ တဖြည်းဖြည်းချင်း ဆင်းသွားသည်။ ရုတ်တရက် ဓာတ်လှေကားအတွင်းမှာ တုန်ခါသွားပြီး အောက်ပြုတ်ကျသွားသလို အသံကြီးကို ဝုန်းကနဲ ကြားရသည်။ ဂျုံအင် လန့်သွားပြီး အပေါ်ကို မော့ကြည့်လိုက်မိတော့ ဓာတ်လှေကားထဲမှာ မီးအမှောင်ကျသွားသည်။ ဒီလိုမျိုး ဓာတ်လှေကားအက်စီးဒင့် တစ်ခါမှမဖြစ်ဖူး၍ ဂျုံအင် ထိတ်လန့်နေမိတာတော့ အမှန်။ ခြေအစုံရပ်နေရသည့် ကြမ်းပြင်တောင် အနည်းငယ် စောင်းနေသလိုပင်။ နည်းနည်းလေး လှုပ်လိုက်တာနဲ့ အဆုံးထိ ပြုတ်ကျသွားမလို ခံစားချက်နှင့် လူနှစ်ဦး၏ အသက်ရှူသံပြင်းပြင်းကို သိသိသာသာ ကြားနေရသည်။

နွေးထွေးသည့် အထိအတွေ့နှင့် သူ့လည်ပင်းတဝိုက်မှာ သိုင်းဖက်ထားတဲ့ လက်မောင်းတစ်စုံကြောင့် ဂျုံအင် တောင့်တောင့်ကြီး ရပ်နေမိသည်။ ဘာလုပ်ရမှန်းမသိတဲ့ သူ့လက်နှစ်ဖက်မှာ ဘေးသို့အနည်းငယ် ဆန့်တန်းကာ လေထဲမှာ အတိုင်းသား။ ခပ်တင်းတင်းဖက်ထားရာကနေ အရပ်ချင်းသိပ်မကွာတဲ့ ဂျုံအင်ရဲ့ ရင်ဘတ်ပေါ်မှာ မျက်နှာအပ်လာတာမို့ လူက ဒုတိယတစ်ခေါက် အမြင့်ကနေ ဝုန်းကနဲ ထပ်ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

Fall for YouWhere stories live. Discover now