Unicode
Junkyu's POV
သူပြောတာသူငယ်ချင်းလေးပဲတဲ့...
ရင်နာရပါတယ်။ ဒီလိုစကားမျိုးမခံစားနိုင်လို့ကို ဖွင့်မပြောဘူးလို့နေခဲ့တာ။
ဒါပေမယ့် အဖေက ဘယ်နေ့မှာ ကျွန်တော့်ကိုဗြုန်းစားကြီး နိုင်ငံခြားလွှတ်မလဲမသိနိုင်တာမို့ ဖွင့်ပြောဖို့ဆုံးဖြတ်ခဲ့တာ။
အနည်းဆုံးတော့ ကျွန်တော်ကြိုးစားလို့ရမယ်ထင်ခဲ့တာပေါ့။
ဒါပေမယ့် ကောင်လေးက မကြိုက်ဘူးတဲ့။ လုံးဝပြတ်ပြတ်သားသားကိုငြင်းချလိုက်တာ။ ကျွန်တော်သူ့အနားမှာနေပြီးဆက်ကြိုးစားရင် မုန်းသွားဖို့ပဲရှိမယ်ထင်တယ်။
နေ့နေ့ညညစဉ်းစားနေမိတာ သူ့အကြောင်းပါပဲ။ ဘယ်လိုလုပ်ရင် သူလက်ခံလာမလဲ။ ဘယ်လိုလုပ်ရင် သူငယ်ချင်းအဆင့်ကနေတက်နိုင်မလဲပေါ့။
အခုချက်ချင်းကြီး ဆက်တိုက်ကြိုးစားမယ်ဆိုအဆင်ပြေပါ့မလား? ခဏလောက် သူစိတ်ကျေနပ်အောင်ရှောင်နေပြီး ၁ ပတ် ၂ ပတ်လောက်ကြာမှ ပြန်ကြိုးစားရကောင်းမလား?
ကျွန်တော်စာလေးတွေတော့ ပို့ဖြစ်တယ်။ ချက်ချင်းကြီးမစိမ်းကားလိုက်ချင်ဘူး။ တော်ကြာအခွင့်အရေးလေးများရှိလာနိုင်မယ်ဆိုရင်ပေါ့ 'ငါမကြိုက်ဘူးပြောတာနဲ့ လက်လျှော့သွားတာပဲ' လို့လည်းအထင်မခံနိုင်ဘူးလေ။
သူ့ဆီကပြန်ရတာတော့ စိမ်းသက်သက် စာတိုလေး ၁ ခု ၂ ခုပါပဲ။ မပို့တာထက်စာရင်တော့ တော်ပါသေးတယ်။
ဖတ်ရင်းနဲ့တော့ ရင်ထဲကနာတယ်။
'ငါ့ကိုလှည့်မကြည့်ဘဲသွားဆိုတော့' တကယ်ကိုလှည့်မကြည့်ဘဲ ထွက်သွားတာ။ ဒီလောက်ဆို သူဘယ်လိုထင်လဲဆိုတာ ကျွန်တော်ခန့်မှန်းလို့ရပါတယ်။
မဖြစ်နိုင်တဲ့သူကိုမှ ချစ်မိခဲ့တာများလား?
နောက်အပတ် လုပ်အားပေးနေ့မှာ အစောကြီးရောက်နေပြီးကားထဲမှာပဲထိုင်စောင့်နေလိုက်တယ်။ အီဆူးလ်ကိုတွေ့မှ ကားပေါ်ကဆင်းပြီးအတူတူသွားလိုက်တာ။
ကျွန်တော် မာရှီ့ကိုဖွင့်ပြောလိုက်ပြီဆိုတာ အီဆူးလ်ကိုမပြောရသေးဘူး။ အခြေအနေကောင်းမှ ပြောမယ်လို့စိတ်ကူးတယ်။
တတ်နိုင်သလောက် မာရှီနဲ့အထိအတွေ့ကိုရှောင်ပါတယ်။ အကြည့်တွေကိုရှောင်တယ်။ အရမ်းစိမ်းကားတာမျိုးမဟုတ်ဘဲ အရမ်းတွယ်ကပ်နေသလိုမဖြစ်အောင်အလိုက်သင့်နေပေးတယ်။
သူကလည်းအဆင်ပြေတဲ့ပုံပဲ။ သူ့ဘာသာသူနေတယ်။ လုံးဝ ဘာမှမဖြစ်တဲ့သူလိုပါ။ သူအဆင်ပြေတယ်ဆိုတာနဲ့ပဲ ကျေနပ်လိုက်ရမှာလား? ၃ နှစ်တောင်စောင့်ခဲ့ရတာလေ။
ဒီကြားထဲ ကလေး ၂ ယောက်က ပေတံလုနေသေးတာ။ ကောင်မလေးက ကျွန်တော့်ခြေထောက်ကိုတက်နင်းတယ်လေ။ နာလိုက်တာဆိုပြီးနောက်ဆုတ်လိုက်တာ အုတ်ခဲဘောင်နဲ့တိုက်ပြီးဖင်ထိုင်လေးကျသွားတယ်။
နာပေမယ့်ပျော်ပါတယ်။ မာရှီကလာထူပေးတယ်လေ။ ဒီနေ့ရဲ့ ပထမဆုံး skinship ပါ။
'ဖုန်ခါလိုက်ဦး'
ချက်ချင်းကိုခါမိတာပဲ။ ဆရာ့စကားနားထောင်တဲ့ ကလေးလေးတစ်ယောက်လိုသူပြောသမျှအကုန်တသွေမတိမ်းကိုလိုက်နာနေမိတာ။
ကျွန်တော်ကမရှာလည်းဖြစ်ပါတယ်ဆိုတဲ့ကြယ်သီးကိုသူကလိုက်ရှာမယ်ဆိုတော့လည်း ရှာရပြန်ရော။
တစ်နေရာမှာ ညပ်နေတဲ့ ကြယ်သီးကိုတွေ့လိုက်တော့ ဝမ်းသာအားရနဲ့ လှမ်းနှိုက်လိုက်မိတယ်။ တစ်ချိန်တည်းမှာပဲသူကလည်းလှမ်းကောက်လိုက်တော့ သူ့လက်ကိုလှမ်းကိုင်မိလိုက်သလိုဖြစ်သွားရော။
ချက်ချင်းဆိုသလို ဖျက်ခနဲကျွန်တော်လက်ကိုရုတ်လိုက်မိတယ်။မလိုအပ်ဘဲနဲ့ မာရှီ့ကိုကျွန်တော် လက်ဖျားလေးနဲ့တောင်မထိချင်သေးပါဘူး။ ဒီအတိုင်း ကျွန်တော်ရင်တွေခုန်တတ်တာကြောင့်လည်းပါတယ်။ ကြက်သီးတွေထလာတတ်တာလည်းပါတယ်။
ဒုက္ခပဲ..မထိရမတွေ့ရဘဲနဲ့လည်း မြင်တာနဲ့တင်ရင်တွေခုန်နေတာ။
အပြန်ကျတော့လည်း ၂ ယောက်တည်းကျန်ခဲ့ရင် သူအနေရခက်မှာစိုးလို့ကျွန်တော်ချက်ချင်းပြန်ပေးလိုက်တယ်။ ပြန်တာတော့မဟုတ်ပါဘူး။ ကားထဲမှာနေပြီး သူ့ကိုမြင်ရတဲ့နေရာကနေလှမ်းကြည့်ရင်း ကားပေါ်တက်သွားတဲ့အထိစောင့်နေပေးခဲ့သေးတယ်။ တစ်ယောက်တည်းတော့ဘယ်တော့မှမထားခဲ့ပါဘူး။ တစ်ခုခုဆို အမြန်သွားနိုင်အောင် သူ့ရဲ့ စူပါမန်းတော့ဖြစ်ချင်သေးတာ။
ကြားရက်တွေမှာတော့ ကျွန်တော့်နေ့ရက်တွေကသိပ်မလှပဘူး။ ဆိုင်ထိုင်ပေးရတယ်။ အမေ့နောက်တကောက်ကောက်လိုက်ပြီး ဆိုင်ခန်းကလူတွေနဲ့ရင်းနှီးအောင်နေနေရတယ်။ အထက်တန်းပဲရှိသေးတဲ့သူသားကို ၂၅ နှစ်သား များထင်နေလားတော့မသိပါဘူး။
မနက်မိုးလင်းတာနဲ့ အဖေ့နောက်လိုက်ပြီး ကုမ္ပဏီကိုလိုက်သွား။ ဟိုကြည့်ဒီကြည့်နေပြီး ပြန်လာ။ နေ့ခင်း ထမင်းစားပြီးတာနဲ့ အမေ့ကုန်တိုက်ကိုပြန်သွား။ အိမ်ရှေ့မှာမို့လို့သာတော်တော့တယ်။ မဟုတ်ရင် ခြေချောင်ပြီး ဒူးခွေနေလောက်ပြီ။
ဒါပေမယ့် ဆိုင်ကတော့ အရင်ကထက်ပိုပြီး လူတွေများလာတယ်တဲ့။ ဆိုင်ကလူတွေကပြောတာပဲ။ နောက်ဆို သူဌေးလေးပုံကိုတောင် အကြီးကြီးထုတ်ပြီး ချိတ်ထားရမယ်ကပါသေးတယ်။ တစ်ခါတလေ ကျွန်တော့်ပုံတွေက ကုန်တိုက်လာတဲ့သူတွေရဲ့ ဓာတ်ပုံထဲမှာ မသိမသာပါလာတတ်သေးတယ်။ မာရှီလည်း ကျွန်တော့်ကိုတစ်ခါလောက် အဲ့လိုလေးခိုးရိုက်ထားရင်ကောင်းမယ်နော်။ အဲ့လိုတော့ဖြစ်လာမယ်မထင်ပါဘူး။
ဒီနေ့လည်းကျွန်တော်ဆိုင်မှာထိုင်နေရပြန်ပြီ။ ဒီတစ်ခါတော့ အင်္ကျီဆိုင်မှာ ထိုင်စောင့်ပြီး checking လိုက်နေရတာ။ အမေခိုင်းတာတွေအကုန်လုံးလုပ်နေရတာလေ။ မပြီးမချင်း ထမင်းကိုမစားရဘူးဆိုလို့ အခုထိထမင်းမစားရသေးဘူး။
‘ဂျွန်ခယူရှင့်...အစ်မတို့ ဟမ်ဘာဂါပိုဝယ်လာတယ် .. တစ်ခုလောက်စားပါဦးလား’
‘ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ’
တကယ်ကျေးဇူးတင်တာပါ။ နေ့လည်စာငတ်တော့မယ်ထင်တာ အခုတော့ ကယ်တင်ရှင်ရောက်လာခဲ့ပြီ။ တစ်ကိုက်ကိုက်ပြီး ဝါးနေတုန်း ဖုန်းလာတာနဲ့ကောက်ကိုင်လိုက်တယ်။
‘အင်း အီဆူးလ်ပြော’
‘မာရှီဟို လက်နာသွားလို့ဆို မင်းသိလား’
‘ဘာ’
အော်ပြောလိုက်တာ ပါးစပ်ထဲကဝါးလက်စတွေတောင်ထွက်ကျတော့မလို့။ ဒေါသတွေထောင်းခနဲထွက်သွားတာ ဘာကြောင့်လဲတော့မသိဘူး။
‘မင်းကိုသူဖုန်းမဆက်ဘူးလား’
‘အင်း မဆက်ဘူး’
‘ဟင် ထူးဆန်းလိုက်တာ ပုံမှန်ဆို မင်းကအရင်သိနေကြပဲကို’
‘အဲ့တာထားဦး သူအခုဘယ်မှာလဲ’
‘အကသင်တန်းကျောင်းမှာ သူတစ်ယောက်တည်းထင်တယ်’
‘ဟာ..ငါနဲ့နီးတာပဲ’
‘အေး မင်းအရင်သွားလိုက်ပါလား..ငါကအခုမှအိမ်ကထွက်လာမလို့’
‘ငါ...သွားလို့မဖြစ်ဘူး’
‘ဘာလို့လဲ’
အီဆူးလ်က အဝတ်အစားလဲရင်း ပြောနေတဲ့ပုံပဲ။ ဒါမှမဟုတ် ဖိနပ်စီးနေတာဖြစ်မယ်။ အလျင်စလိုသံနဲ့။
‘သူငါ့ကိုဖုန်းမဆက်တာ ငါ့ကိုမတွေ့ချင်လို့နေမယ် ငါနောက်မှသေချာရှင်းပြမယ်’
‘အိုကေ ဒါဆို ငါသွားပြီ’
‘အင်း’
ဖုန်းဆက်မပြောတော့ပေမယ့် လက်ထဲကဟမ်ဘာဂါကိုလည်းဆက်စားချင်စိတ်မရှိတော့ဘူး။ စိတ်က မာရှီ့ဆီကိုပဲရောက်နေတယ်။ ဘယ်လောက်တောင်ထိခိုက်သွားလို့ သူတစ်ယောက်တည်းတောင်မလုပ်နိုင်ရတော့တာလဲမသိဘူး။ အီဆူးလ်ကသူ့ဆီရောက်ဖို့ဆို အနည်းဆုံး ၄၅ မိနစ်ပဲ။
‘အစ်မတို့ ကျွန်တော် သွားစရာလေးရှိလို့ အမေလာရင် အကုန်ပြီးပြီလို့ပြောပေးပါနော်’
‘ဟုတ်ကဲ့ပါ’
အဆင်သင့်ရှိတဲ့ကားဆရာဦးလေးကိုခေါ်ပြီး အကသင်တန်းဆီသွားလိုက်တယ်။ ကားနဲ့ဆိုတော့ ၁၀ မိနစ်လောက်တောင်မကြာဘူး ရောက်သွားရောပဲ။ အမြန်ပြေးတက်ပြီး အကသင်တန်းရှိတဲ့နေရာကိုတန်းသွားလိုက်တယ်။ တံခါးဖွင့်ပြီး ဝုန်းကနဲဝင်သွားလိုက်ချင်ပေမယ့် မဖြစ်သေးတာမို့ အပေါ်တစ်ဝက်ပေါ်နေတဲ့ မှန်ကနေ ခြေဖျားထောက်ပြီးလှမ်းကြည့်လိုက်တယ်။
‘ကျွတ်’
စိတ်တိုတာနဲ့ ကျွတ်ကနဲအသံထွက်သွားတယ်။ ဘာမှမလုပ်ပေးနိုင်တာခံပြင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် အထဲကိုဝုန်းကနဲဝင်သွားပြီး နောက်ဖြစ်တာတွေအကုန် နောက်မှရှင်းလိုက်ရမလား? ဟုတ်တယ် ဝင်လိုက်တာကောင်းမယ်။
တံခါးလက်ကိုင်ကိုဖွင့်ခါနီးမှာပဲ မာရှီဟိုကထပြီး တစ်ဖက်ကိုဝင်သွားတာကိုတွေ့လိုက်တယ်။ အဲ့တာနဲ့ကျွန်တော်မဝင်သေးဘဲ ဆက်စောင့်နေလိုက်တယ်။ သူကပြန်ထွက်လာတော့ အင်္ကျီကမတူတော့ဘူး။
အင်္ကျီသွားလဲတာပဲ...ဘောင်းဘီကိုလည်းငုံ့ကြည့်ပြီး ရှုံ့မဲ့မဲ့ဖြစ်နေသေးတယ်။ ဘာလို့ပါလိမ့်။
သေချာကြည့်လိုက်မှ ဘောင်းဘီကလည်းလဲဖို့လိုနေတဲ့ပုံပဲ။ လက်တစ်ဖက်ကိုလည်းမြှောက်ထားသေးတယ်။ မြင်ရတာ စိတ်မချမ်းသာလိုက်တာကွာ။ ဒါပေမယ့် သူကတော့ ဖုန်းလေးကြည့်ပြီး ပြုံးနေတာကိုတွေ့တယ်။ ဒါဆို သိပ်အခြေအနေမဆိုးလောက်ဘူး။
‘ဟယ်လို အီဆူးလ်’
‘အင်း ဘာလဲ ငါရောက်တော့မယ်’
‘သူမင်းကို ဘောင်းဘီအပိုယူလာခိုင်းလိုက်သေးလား’
‘နိုး’
‘အိုကေ ပြီးရော’
တိုက်အောက်ကိုပြန်ဆင်းလာပြီး တခြားဘာမှတောင်မတွေးလိုက်မိဘူး။ အရေးအကြောင်းဆိုရင် အဖြေတစ်ခုတည်းကိုပဲ စဉ်းစားမိတာမို့ ဒီတစ်ခုတည်းကိုပဲ လုပ်လိုက်မိတယ်။
‘ဦးလေး အိမ်ကိုမောင်းပေးပါ’
ဘယ်လောက်မှမဝေးတော့အိမ်ကိုပဲပြန်လာပြီး တွေ့တဲ့ဘောင်းဘီတစ်ထည်အမြန်ယူလိုက်တယ်။ တစ်ရှူး ဘာညာလည်း စားပွဲပေါ်မှာ အဆင်သင့်တွေ့တာနဲ့ ကောက်ထည့်လာခဲ့တယ်။ ဆေးတွေကလိုချင်တယ်ဆိုရှာမတွေ့တော့ဘူး။ နောက်ကျနေမှာစိုးလို့ ရှာမနေတော့ဘူး။
‘ဦးလေး စောစောကနေရာပြန်သွားပေးပါဦး’
ကားသမားဦးလေးကြီးက သဘောကောင်းလို့တော်သေးတယ်။ မဟုတ်ရင် သူထုလို့ပြားနေလောက်ပြီ။ စိတ်ရှည်ရှည်နဲ့ သွားချင်တဲ့နေရာတိုင်းကို ဘာမှမပြောဘဲ လိုက်ပို့ပေးတယ်။
ပြန်ရောက်တော့ အကအခန်းကို အမြန်ပြေးတက်သွားပြီး သွားပြန်ချောင်းကြည့်ရသေးတယ်။
သူကဖုန်းကြည့်နေတုန်းပဲ။ နောက်ကျောကနံရံကိုမှီထားတယ်။
ကျွန်တော်ဝင်သွားချင်ပေမယ့် နောက်ဆုံးတော့ ဝင်မသွားဖို့ဆုံးဖြတ်လိုက်တယ်။ သူကမှကျွန်တော့်ကိုဖုန်းမဆက်ခဲ့တာလေ။ သူလိုနေတဲ့သူက ကျွန်တော်မဟုတ်လို့ပေါ့။ ဒီ့ထက်အခြေအနေဆိုးရင်တော့ ချက်ချင်းဝင်သွားမိမှာပါ။ အခုတော့ သူအဆင်ပြေပုံရတယ်။ ဒါပေမယ့် စိတ်မချသေးဘူး။
ကျွန်တော်အီဆူးလ်မလာခင်အထိ အပြင်မှာထိုင်စောင့်နေလိုက်တယ်။ ခဏနေတော့သူရောက်လာပြီး ကျွန်တော့်ကိုမြင်တော့ မျက်လုံးပြူးသွားတယ်။
ခပ်သွက်သွက်သွားလိုက်ပြီး ဟိုးဘက်ထောင့်မှာ အဝတ်နဲ့တစ်ရှူးထုတ်ကိုပေးရင်း
‘ဒါသူ့ကိုပေးလိုက်။ မေးရင်ကြည့်ကြပ်ပြောပေးကွာနော်...ပြီးတော့ သူ့ကိုဆေးခန်းပို့ပေးပါဦး..သေချာပေါက်သွားအောင်ပြောနော်’
‘အေးပါ’
‘ဆေးခန်းသွားနော်’
‘ရောက်နေမှတော့ဝင်လိုက်ပါလား’
‘ဟင့်အင်း မဝင်တော့ဘူး..ငါလာတယ်လို့မပြောလိုက်နဲ့ဦး သွားပြီနော်’
အီဆူးလ်ကတော့ဝင်သွားပြီ။ သူတို့ ၂ ယောက်အဆင်ပြေမှာပါ။ ကျွန်တော်စိတ်ချလက်ချနဲ့ပဲ ထွက်လာခဲ့လိုက်တယ်။ ကားထဲကိုပြန်ဝင်ပြီး ဆိုင်ကိုပဲပြန်သွားခိုင်းလိုက်ပါတယ်။ အခုလောလာဆယ်ကျွန်တော်နဲ့သက်ဆိုင်တဲ့နေရာဆိုလို့ အမေ့ရဲ့ ကုန်တိုက်ပဲရှိတယ်လေ။
ညရောက်တော့မနေနိုင်မထိုင်နိုင် စာပို့လိုက်မိတယ်။ သူနေမကောင်းတာသိသိလျက်နဲ့ ပစ်မထားချင်ပါဘူး။ သူကသူငယ်ချင်းလိုနေချင်တာဆိုရင် ဒီလိုလေးတော့မေးလို့ရမှာပါ။
-မာရှီ လက်သက်သာရဲ့လား-
-အင်း..ပတ်တီးစီးထားတယ်-
-လက်တစ်ဖက်တည်းနဲ့ရိုက်နေရတာပင်ပန်းမှာပဲ..အဆင်ပြေရင်ပြီးရောနော်..နားတော့-
-ကျေးဇူးတင်ပါတယ်-
ကျေးဇူးတင်ပါတယ်? ဘာအတွက်လဲ?
----------- High School Love Story -----------
ဒီနေ့အလေလိုက်နေလို့ အချိန်သိပ်မရဖြစ်သွားတယ် ရောယောဘွန်းးးးးးးးးးးးး
တူဘီကိုတိမ်ညွန့်ပါ...
Zawgyi