11

163 36 8
                                    

Unicode

‘ဂျွန်ခယူ?’

တံခါးဖွင့်ပြီး မယုံသင်္ကာနဲ့ခေါ်လိုက်မိတော့ ဂျွန်ခယူကပြုံးပြသည်။ ခဏနေတော့ အနောက်ကနေ နောက်ထပ် ၃ ယောက်က ခေါင်းလေးတွေပြူပြီးထွက်လာသည်။

‘အံ့ဩသွားလား?’  ဂျီအူက အနောက်ကနေလှမ်းပြောသည်။ နောက်ဆုံးမှာရပ်နေတဲ့ ဟင်းမ်ကတော့ လက်ပြပြီးနှုတ်ဆက်သည်။

‘မင်းတို့ဘာလာလုပ်တာလဲ’

‘ဘာလာလုပ်ရမှာလဲ စာလုပ်ဖို့လာတာပေါ့..ဖယ် ဝင်မယ်’  ဂျီအူက အရှေ့ကဂျွန်ခယူကိုတွန်းပြီး မာရှီဟို့ကိုပါဝင်တိုက်သွားကာ အိမ်ထဲကိုဝင်လိုက်သည်။

‘ဦးလေး...ညစာစားပြီးပြီလား?’

အထဲဝင်သွားပြီး အဖေနဲ့တောင်စကားပြောလိုက်သေးသည်။

‘ဝင်ခဲ့တော့’

အကုန်လုံးက အလျှိုလျှိုဝင်သွားကြပြီးနောက် မာရှီဟိုကတံခါးပြန်ပိတ်လိုက်သည်။ အိမ်ထဲကိုပြန်လှည့်ပြီး ကြည့်လိုက်ကာမှ ဂျွန်ခယူက ကိတ်မုန့်ဘူးကိုကိုင်ထားတာကိုမြင်လိုက်ရသည်။

ဂျွန်ခယူ့နားကိုခပ်သွက်သွက်သွားလိုက်ပြီး မီးဖိုချောင်ထဲဆွဲခေါ်ကာ တိုးတိုးလေးမေးလိုက်သည်။

‘ဒါဘာလုပ်ဖို့လဲ’

‘မသိဘူးလေ လက်ဗလာနဲ့မလာသင့်ဘူးထင်လို့’

‘အဲ့တာနဲ့ မင်းကဘာလို့လာတာလဲ’

‘မင်းနဲ့တွေ့..’

‘ထားတော့ .. တစ်ခုခုစီစဉ်ရမယ်..ငါလည်းတစ်ခါမှမလုပ်ဖူးဘူး’

ကိတ်မုန့်ဘူးတစ်ဘူးကိုင်ပြီး ဘာလုပ်ရမှန်းမသိတဲ့ ၂ ယောက်သားက မီးဖိုချောင်ကနေ ဧည့်ခန်းထဲကိုကြည့်လိုက် ခေါင်းကုတ်လိုက်နဲ့ ပူထူနေတော့သည်။

‘ဟို ၂ ယောက် ဘာလုပ်နေတာလဲ .. ယူလာတော့လေ ငါတို့ကစားချင်လို့စောင့်နေတာကြာလှပြီ’

ဟင်းမ်ကလှမ်းခေါ်လိုက်ကာမှ ဘူးထဲကနေ ထုတ်ပြီး ယူလာလိုက်သည်။ ဖယောင်းတိုင်လည်းမထွန်း..ဓားလည်းမပါ။

‘မီးလေးဘာလေးထွန်းပါဦးကွ..ဘယ်သူကမွေးနေ့ကိတ်ကို မီးမထွန်းဘဲယူလာလို့လဲ’ အနေအေးသည့် အီဆူးလ်ကပါ မနေနိုင် မထိုင်နိုင် ဝင်ပြောရတော့သည်။

‘ထားလိုက်ပါ...ငါလည်းဒီလိုတွေလုပ်ရမယ့် အသက်အရွယ်မဟုတ်တော့ပါဘူး..ဝယ်လာပေးတာကျေးဇူးပဲကွာ...ဒီည ဒီမှာပဲနေလိုက်ကြတော့လေ..ဦးလေးလည်းသွားနားပြီနော်’

‘ဟုတ်ကဲ့’

‘ဟုတ်’

တကယ်ကလည်း သူတို့စားချင်တဲ့ ကိတ်မုန့်ကို ဂျွန်ခယူ့ကိုမှာလိုက်ပြီး ဒီလိုအကွက်တွေကြိုမြင်လို့ ကြံထားကြတာချည်။း။

‘ဟို မာရှီက ဦးလေးနဲ့ မွေးနေ့ကိတ်တော့အတူတူစားဖူးချင်တယ်ပြောလို့ ဓားနဲ့တော့ခွဲပေးသွားပါဦး’

ဂျွန်ခယူကဝင်ပြောလိုက်တော့ ဒီလိုစကားမျိုးတစ်ခါမှမပြောဖူးတဲ့မာရှီဟို့မှာမျက်နှာလေးအကြောင်သား။

‘ဟုတ်တယ် ဦးလေး လာပါ အဲ့တာမှ သားတို့လည်း စားနိုင်မှာ’

အကုန်ဝင်ပြောကြတော့ မာရှီဟို့အဖေက ကလေးတွေစိတ်ကျေနပ်အောင် ဓားနဲ့ဝင်ခွဲပေးလိုက်သည်။ အီဆူးလ်က ပန်းကန်ထဲကို ကိတ်မုန့်တစ်ပိုင်းထည့်ပေးလိုက်ပြီး မာရှီဟို့အဖေကိုပေးလိုက်သည်။

ထို့နောက်သူတို့က ကျန်တဲ့ ကိတ်မုန့်တစ်တုံးလုံးကို ၄ ယောက်သား ဇာတ်လမ်းကြည့်ရင်းဝိုင်းစားကြတော့သည်။

ဖွင့်လိုက်တော့ တန်းပေါ်လာတဲ့ကားပဲ ကြည့်လိုက်မိကြသည့်နောက် Conjuring 3 : Devil made me do it ဖြစ်နေသည်။ သရဲကားကိုမှရွေးကြည့်မိတဲ့အတွက် ဟင်းမ်ကိုအလယ်မှာထားပြီး အီဆူးလ်နဲ့ဂျီအူက ဘယ်ညာတစ်‌ယောက်တစ်ဖက်စီနေကာ ကွယ်ပြီးကြည့်နေကြသည်။

ဂျွန်ခယူကတော့ အစက မာရှီဟို့ဘေးနားထိုင်ပြီး သူရဲကောင်းကြီးလုပ်မယ်လို့တွေးထားပေမယ့် နောက်ဆုံးကျ သူကပဲ မာရှီဟို့အနောက်မှာကွယ်နေလိုက်ရသည်။

‘အားးးးးးးးးးး’  ဟင်းမ်ရဲ့လက်မောင်းတွေကိုကိုင်ထားပြီး တစ်ဖက်စီကနေ အားရပါရအော်နေကြသည်။ အလယ်က ဟင်းမ်ကတော့ စိတ်ညစ်လွန်းလို့ သရဲကားထဲတောင်ဝင်သွားချင်စိတ်ပေါက်နေပုံရသည်။

‘ဂျွန်ခယူ...မကြည့်ဘူးလား’

မာရှီဟိုက ဘေးကဂျွန်ခယူ့ကိုလှည့်ကြည့်ပြီး မေးလိုက်တော့ ဟိုကြည့်ဒီကြည့်နဲ့ အနောက်ကိုအသားကုန်မှီထားရာကနေ မတ်လာသည်။

‘ကြည့်တယ်လေ .. အဟင်း’ ပြောပြီးလည်ချောင်းရှင်းလိုက်သေးသည်။

‘အာ..ဂျွန်ခယူလား..သူသရဲကြောက်တယ်လေ...သရဲကားဆို သရဲလာရင်သူမကြည့်ဘူး’  အီဆူးလ်က တစ်ဖက်ကနေ ပြောလိုက်တော့ ဂျွန်ခယူက မျက်လုံးပြူးပြသည်။

‘ဟုတ်လား..အဲ့တာများစောစောကမပြောဘူး..ငါတခြားကားပြောင်းမှာပေါ့’

‘ရပါတယ်...မင်းကကြည့်ချင်နေတာပဲကို’

‘Heyyyyyyyyy’  တစ်ဖက်က ၃ ယောက်က ဂျွန်ခယူပြောတဲ့စကားကိုကြားပြီး အသံရှည်ဆွဲကာနောက်လိုက်ကြသည်။

‘အဲ့လိုဆိုတော့မှ..မင်း ဆယ်ရီနဲ့အခြေအနေဘယ်လိုလဲ’  ဂျီအူက မေးလိုက်သည်။

‘ဘယ်လိုမှမဖြစ်ပါဘူး..’

‘ဘာမှသာမဖြစ်တယ်...ဟိုနေ့က မင်းကိုသူစာအုပ်ပေးနေတုန်း စကားပြောနေတာတွေ့လိုက်သေးတယ်’

‘ဒီအတိုင်း စာအကြောင်းပါပဲကွ’

ဂျွန်ခယူနဲ့ ဂျီအူပြောသမျှကို ကျန်တဲ့သူတွေကခေါင်းလေးတညိမ့်ညိမ့်နဲ့နားထောင်ပေးနေကြသည်။

‘အား...ဒီသောက်သရဲ..’  အီဆူးလ်က လန့်ပြီးအော်လိုက်တော့ ဂျွန်ခယူကလည်းလန့်ပြီး မာရှီဟို့လက်မောင်းကို သွားကိုင်လိုက်မိသည်။

‘ဘယ်မှာလဲသရဲ’  ဟင်းမ်ကမေးလိုက်တော့ ဝေါ်ရန်လင်မယားစကားပြောနေတဲ့ အခန်းကြီးဖြစ်နေပြီး ဘာသရဲမှရှိမနေ။ အီဆူးလ်က ဂျွန်ခယူ့ကိုမျက်ခုံးပင့်ပြလိုက်သည်။ ဂျွန်ခယူကလည်းအဲ့တော့မှသဘောပေါက်သွားတော့သည်။

‘ဪ ငါတို့ဂျွန်ခယူလေး တော်တော်ကြောက်သွားတာပဲ .. လာလာ အစ်ကိုကြီးနောက်မှာနေ’ မာရှီဟိုက ပြောပြောဆိုဆိုနဲ့  ဂျွန်ခယူ့ပခုံးကိုဖက်ထားပြီး သူ့ဘက်ကိုတိုးလိုက်သည်။

တကယ်လဲ သရဲဆိုလို့ လန့်သွားတာဟုတ်ပေမယ့် မာရှီဟိုကဒီလိုတုန့်ပြန်မယ်လို့တော့ မထင်ခဲ့။ အခုတော့ မာရှီဟို့ရင်ခွင်ထဲမှာ ဂျွန်ခယူက ပြုံးပြုံးကြီးနဲ့ နေရာယူထားလိုက်ပြီ။

*ကျေးဇူးပဲ ငါ့သူငယ်ချင်း အီဆူးလ်ရေ*

တစ်ညလုံးအိမ်မပြန်ကြဘဲ မာရှီဟို့အခန်းထဲမှာပဲ ၄ ယောက်သား ပြွတ်သိပ်ပြီးအိပ်လိုက်ကြသည်။ အိမ်ရှင် မာရှီဟို့ကို ကုတင်ပေါ်မှာပဲအိပ်ခိုင်းလိုက်ပြီး ကျန်တဲ့ ၃ ယောက်က အောက်မှာ ပူးကပ်ပြီးအိပ်ကြသည်။  ဂျွန်ခယူကတော့ ကောင်းကောင်းအိပ်မပျော်။ နိုးလိုက် ကုတင်ပေါ်က မာရှီဟို့ကို လှမ်းကြည့်လိုက်။ နိုးလာလိုက် မာရှီဟို့ကိုစောင်ဆွဲခြုံပေးလိုက်နဲ့ တစ်ညလုံး ကြည့်မဝဖြစ်နေခဲ့တော့သည်။


---------------------------------------------------

စုံညီပွဲတော်က စာမေးပွဲမဖြေခင် ၂ ရက်အလိုမှာလုပ်မှာဖြစ်လို့ ၁ ပတ်လောက်အလိုမှာတော့ ဂျွန်ခယူနဲ့မာရှီဟိုတို့ ၂ ယောက်သား ခေါင်းခြောက်ရပြီ။

သီချင်းပဲအတူတူဆိုရတော့မလိုလို အတူတူပဲကရတော့မလိုလို တစ်ယောက်ကဆိုပြီး တစ်ယောက်ကပဲကရတော့မလိုလို။

‘မာရှီ ငါတို့ဘာလုပ်ကြမလဲ’

‘မသိဘူး..ငါလည်းစဉ်းစားနေတာပဲ’

စာကြည့်တိုက်မှာ ၂ ယောက်သားခေါင်းချင်းဆိုင်ပြီး performance အတွက်စဉ်းစားနေကြသည်။

" မင်း အီဆူးလ်ကိုခေါ်ကြည့်ပါလား"

"အီဆူးလ်ကငါတို့ထက်ပိုဒုက္ခရောက်နေတယ်။ solo ထွက်ရမယ်တဲ့"

"သနားပါတယ် ငါတို့အီဆူးလ်လေး"

"ငါတို့အီဆူးလ်?"

"အင်း ငါတို့ အီဆူးလ်လေ ဘာလို့လဲ"

ဂျွန်ခယူက အလိုအကျဟန်နဲ့ မာရှီဟို့နားကို  မသိမသာ ခုံတိုးပြီးကပ်လိုက်သည်။

"မင်း လူတိုင်းကို ငါတို့ဆိုပြီးထည့်မပြောနဲ့"

"ဘာလို့လဲ"

"ငါ့ကိုပဲပြော"

"မင်းဟာကလည်း...ဟိုရည်းစားတွေသဝန်တိုတာကျနေတာပဲ"

"ဟုတ်တယ်"

"ဟမ်"

"ဟိုနေ့ကမင်းငါ့ကို ငါတို့ဂျွန်ခယူလေးလို့ခေါ်လို့ ငါကပျော်နေတုန်းရှိသေး မင်းကအခုသူများကိုထပ်ခေါ်လိုက်တော့ ရင်ထဲမှာမကောင်းဘူး"

"ဒုက္ခပဲ..ငါ့ဘာသာငါတောင်ခေါ်ချင်သလိုမခေါ်ရဘူး"

"သဝန်တိုလို့လေ မင်းပြောသလိုပဲ"

မာရှီဟိုကရယ်နေပြီး ဘာမှထပ်မပြောတော့။ YouTube ထဲကသီချင်းတွေကိုပဲတစ်ပုဒ်ပြီးတစ်ပုဒ်ဆက်ရှာနေတော့သည်။

"ဂျွန်ခယူ မင်းကတတ်လား?"

"ဟိုလှုပ် ဒီလှုပ်တော့ရတယ်"

"အိုကေ ငါလည်း သီချင်းနည်းနည်းတော့ဆိုတတ်တယ် အဲ့တော့ မင်းလည်း ကရလွယ်အောင် ငါလည်းဆိုရလွယ်အောင် ဒါဆိုဘယ်လိုလဲ"

"Missing you? မင်း ဒီကီးတွေဆိုနိုင်လား"

"မင်း Arrange ပြန်လုပ်ပေးပေါ့ကွ...နည်းနည်းလေ့ကျင့်လိုက်မယ်လေ"

"အိုကေ ဒါဆို ဒါရွေးလိုက်မယ်..ကတာကရော?"

"Sign language နဲ့ကလို့ရတယ် လွယ်ပါတယ် မင်းသီချင်းအရင်လုပ်လိုက်"

"ဟုတ်ကဲ့"

သီချင်းရွေးပြီးပြီဆိုတော့ အိမ်ပြန်ဖို့လုပ်ကြသည်။ အသင်းနှစ်သင်းလုံးနားတဲ့နေ့မှာ မပြန်ဘဲ ကြိုးစားရှာနေရတဲ့အတွက် အိမ်ပြန်ချိန်ကတော့ အရင်နေ့တွေကနဲ့ ဘာမှမခြားနား။

တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော်လာပြီးနောက် မတူတော့တာ တစ်ခုက လမ်းတစ်လျှောက်ကသစ်ပင်တွေနဲ့ ရာသီဥတု။

မာရှီဟိုနဲ့ ပထမဆုံးအတူတူထိုင်ရမယ့်နေ့တုန်းက ဖယ်ပေးခဲ့တဲ့ ပန်းဝါဝါလေးတွေတောင် သိပ်မရှိတော့။

"ဟိုနေ့က မင်းအဖေဘာပြောသေးလဲ"

"ဘာမှမပြောပါဘူး။ မင်းသိလား အခုတလော အဖေကပြောင်းလဲလာတယ်"

"ဘယ်လိုမျိုးလဲ"

"ငါနဲ့နည်းနည်းအချိန်ပေးလာသလိုပဲ"

"ကောင်းတာပေါ့ကွ"

"အင်း...မင်းရော? အိမ်နဲ့အိုကေလား?"

မာရှီဟိုကပြောမှ ဒီနေ့အိမ်မှာကိစ္စတစ်ခုရှိတာ သတိရသွားတော့သည်။ အခုနေအမြန်မသွားရင် ဒုက္ခရောက်မှာသေချာသည်။ အဲ့တာကြောင့် ဦးလေးဖြစ်သူက ခဏခဏ ဖုန်းခေါ်နေမှန်းသတိရသွားတော့သည်။

"မာရှီ..ဆောရီး ငါအရေးကြီးကိစ္စ တစ်ခုရှိတာမေ့သွားလို့ ‌မြန်မြန်သွားမှဖြစ်မယ် သွားပြီနော်"

"အင်း သွားသွား"

အမြန်ပြေးသွားတဲ့ ဂျွန်ခယူ့ပုံစံကိုပထမဆုံးတွေ့ဖူးတာမို့ တကယ်အရေးကြီးမှန်းသိသာသည်။ မာရှီဟိုလမ်းဆက်လျှောက်ရင်း ဖိနပ်ကတစ်ခုခုကိုတက်နင်းမိသွားသည်။ ခြေလှမ်းတွေကိုရပ်ပြီး ငုံ့ကြည့်လိုက်တော့ သံကွင်း ၂ ကွင်းချိတ်ထားသည့် သော့ချိတ်ခေါင်းလေး။

"ဂျွန်ခယူ့အိတ်ကဟာပဲ...ချိတ်ဟသွားလို့ပြုတ်ကျသွားတာနေမယ်"

ကောက်ပြီး အာငွေ့ပေးကာ လက်နဲ့သုတ်လိုက်တော့ သံကွင်းလေးကပြောင်တက်သွားသည်။

အခုမှသေချာကြည့်ဖူးခြင်းဖြစ်၍ ကားဂိတ်ဆီလမ်းလျှောက်နေရင်း သံကွင်းကစာကို သေချာဖတ်ကြည့်နေမိသည်။

'ဒီတစ်ကွင်းမှာက T+J , ဒီတစ်ကွင်းမှာက M+K'

'‌၂ ကွင်းကချိတ်ထားတာဆိုတော့ သူ့အဖေနဲ့အမေ ‌ပဲဖြစ်ရမယ်'

ဘာမှ ‌‌ရှည်ရှည်ဝေးဝေးထပ်မစဉ်းစားတော့ဘဲ အိတ်ထဲသေချာထည့်ကာ အိမ်ပြန်လိုက်တော့သည်။


/////////      /////////


"မေမေ...သားရောက်ပြီ"

အိမ်အဝကနေ အမောတကော လှမ်းပြောလိုက်တော့ အမေကလာခေါ်သည်။

"ဘာလို့နောက်ကျနေတာလဲ။ ဒီလောက်ဖုန်းတွေခဏခဏခေါ်နေတာကို"

"ဖုန်းအသံပိတ်ထားမိလို့ပါ။ အရမ်းနောက်ကျသွားပြီလား"

"သားကိုစောင့်နေတာ...မြန်မြန်လာ"

ဒီနေ့ Kim Group ကိုစတင်တည်ထောင်ခဲ့တဲ့ အဖိုးဖြစ်သူရဲ့ ၉ နှစ်ပြည့်ကန်တော့ပွဲ။

ရာသီဥတုကတော့မကောင်းတာသေချာနေပြီမို့ ပွဲပြီးကာမှ နားပူကျောပူခံရတော့မည်။ မတတ်နိုင်။ လုပ်ပြီးမှတော့ ခံရဲဖို့သာရှိတော့သည်။

ဆွေစုံမျိုးစုံကန်တော့ပြီးတဲ့နောက်မှာတော့ အဖေ့အခန်းမှာ ဝိုင်းစုပြီးစကားပြောကြသည်။ ကုမ္ပဏီအကြောင်းတွေပဲဆိုပေမယ့်လည်း လူကြီးလူငယ်မရွေးအကုန်ထိုင်နားထောင်ရသည့်မိသားစုစုံညီပွဲတော်ကြီး။

ဘာမှစိတ်မဝင်စားတဲ့ အလုပ်သဘောစကားတွေကိုနားထောင်ရတာ ဂျွန်ခယူတစ်ယောက်စိတ်မပါတော့။ အခန်းထဲဝင်ပြီး စာလုပ်တာပဲဖြစ်ဖြစ် သီချင်းဆိုနေတာပဲဖြစ်ဖြစ်လုပ်လိုက်ချင်သည်။

၁ နာရီအကြာမှာတော့ လူကြီးတွေပြောပြီးကြလို့ ပြန်တဲ့သူကလည်းပြန်ဖို့ပြင်ကြသည်။ ဂျွန်ခယူလည်းဝမ်းသာအားရနောက်ကလိုက်ပြီးထွက်သွားဖို့ပြင်သည်။

‘ဂျွန်ခယူ’

‘ဗျာ အဖေ’

‘နေခဲ့ဦး’

‘ဟုတ်’

အဖေကနေခဲ့ဦးဆိုလို့သာ နေခဲ့ရပေမယ့်  ရင်ထဲမှာတော့ တထိတ်ထိတ်နဲ့ဖြစ်နေပြီ။ အဆူခံရတော့မှာကို ကြိုတင်ပြင်ဆင်ထားခဲ့ပေမယ့် တကယ်တမ်းကြုံတွေ့လာရတော့ ထင်ထားတာထက် ပိုရင်တုန်နေသည်။

‘ဒီနေ့ဘာလို့နောက်ကျတာလဲ

မေ့သွားလို့ပါလို့ဖြေလို့ကလုံးဝမဖြစ်။

‘စာကြည့်တိုက်မှာကြာသွားလို့ပါ’

‘သီချင်းဆိုနေတာမဟုတ်ဘူးလား’

‘မဟုတ်ပါဘူး ဒီနေ့ လေ့ကျင့်ရေးမရှိပါဘူး’

‘မင်းကို လုပ်ချင်ရာလုပ်ဖို့လွှတ်ထားတာ ရပ်သင့်ပြီလို့ထင်တယ်...မနက်ဖြန်ကစပြီး အိမ်ကကားနဲ့သွားတော့’

‘အဖေ..အဲ့လိုတော့မဖြစ်ဘူး’

‘ဘာလို့လဲ’

‘ကားကြီးနဲ့လာကြိုရင် ကျွန်တော့်ကိုအကုန်ထူးဆန်းကုန်မှာပေါ့..မဖြစ်ဘူး..ဘတ်စ်ကားနဲ့ပဲသွားမယ်’

‘ဒါဆို မင်းအဆိုအသင်းကထွက်ရမယ်’

‘ဗျာ’

‘၂ ခုတည်းကတစ်ခုကိုပဲရွေး’

‘ဘာလို့ဒီလိုတွေလုပ်နေတာလဲ? ကျွန်တော်အခုမှ အထက်တန်း ပထမနှစ်ပဲရှိသေးတာပါ’

‘ငယ်ငယ်ကတည်းကနည်းနည်းစီသင်ထားမှ ကြီးရင် အားကိုးလို့ရမှာ..စကားမများနဲ့တော့ ပြောတဲ့အတိုင်းလုပ်’

ငယ်သေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုယ့်ခံစားချက်တွေကိုဘယ်တော့မှထုတ်ပြောခွင့်မရခဲ့။ ဘယ်တော့မှပြောနိုင်မလဲဆိုတာလည်းမသိပေမယ့် ‘ငါကမင်းရဲံအဖေ’ ဆိုတာနဲ့ပဲ စိုးမိုးထားဦးမည်ထင်သည်။

အဖေကလုပ်မယ်ဆို တကယ်လုပ်မယ့်သူမို့ ဒီ ၂ ခုထဲကနေ တစ်ခုကိုမဖြစ်မနေရွေးရတော့မည်။

‘ကားနဲ့ပဲသွားပါ့မယ်..ဒါပေမယ့် ကားကို ကျောင်းနဲ့ဝေးဝေးမှာရပ်ပေးပါ’

‘ရပြီ သွားတော့’

ခွင့်ပြုချက်ရတာနဲ့ အခန်းထဲကမြန်မြန်ပြန်ထွက်ဖို့လှည့်လိုက်သည်။ တံခါးဖွင့်ပြီးထွက်ခါနီးမှာထပ်ပြောပြန်သည်။

‘သူငယ်ချင်းတွေနဲ့ပဲအချိန်ကုန်မနေနဲ့..နောက်ကျရင် အကုန်ဝေးသွားမယ့်သူတွေနဲ့ အချိန်ဖြုန်းမနေနဲ့’

‘ဟုတ်ကဲ့’

‘အဲဒီ့အစား စာသေချာလုပ်စမ်း..ပညာတော်သင်သွားဖို့ဆို အမှတ်ကောင်းမှရမှာ’

*လာပြန်ပြီ ဒီစကား*

‘ဟုတ်ကဲ့’

တတ်နိုင်သမျှမြန်မြန်ထွက်လာပြီး အခန်းထဲဝင်လိုက်သည်။ ဖတ်လက်စ ဓာတုဗေဒစာအုပ်ကို ယူလိုက်ပြီး ကုတင်ပေါ်တက်လိုက်သည်။

Bookmark နဲ့ညှပ်ထားတဲ့ ဖတ်လက်စနေရာကိုဖွင့်လိုက်ပြီး အာရုံစုကာ ဖတ်ဖို့ပြင်လိုက်ပေမယ့် ခေါင်းထဲမှာ ‘ပညာတော်သင်’ ဆိုတဲ့စကားကပဲ ထပ်ခါတလဲလဲ ကြားနေရသည်။

အလယ်တန်းကတည်းက ပို့မယ် ပို့မယ် တကဲကဲ လုပ်နေခဲ့တာကို အကြောင်းအမျိုးမျိုးပြပြီး အမေ့ကိုလှည့်ပတ်ထားခဲ့တာ အခုဆို ၄ နှစ်မြောက်။

ငယ်သေးတယ်မသွားချင်ဘူးတို့...အမေနဲ့ပဲနေဦးမယ်တို့ အမျိုးမျိုးပြောခဲ့ပြီးပြီဆိုတော့ အခုတော့ ပြစရာ အကြောင်းရင်းရှာမတွေ့တော့။

နောက်ဆိုကုမ္ပဏီကိုစီမံခန့်ခွဲရမယ်ဆိုပြီး နိုင်ငံခြားပညာတော်သင်ဆိုတာကြီးကို အသည်းအသန်လွှတ်ချင်နေတာ ဒီတစ်ခေါက်တော့ ငြင်းလို့မှရပါ့မလား?

ကိုယ့်နိုင်ငံမှာလည်း တက္ကသိုလ်ကောင်းတွေအများကြီးရှိတာပဲကို အနောက်နိုင်ငံမှအထင်ကြီးနေတဲ့ လူကြီးတွေကို သူလည်း နားမလည်နိုင်တော့။

ပြစရာအကြောင်းရင်းတစ်ခုတော့ရှိသည်။

ဒါပေမယ့် ဒီအကြောင်းရင်းကိုတော့ အဖေ့ကိုရော အမေ့ကိုရော ပြောပြလို့မရ။

‘အား..စိတ်ညစ်လိုက်တာ’

နွေရောက်ပြီမို့ ပူရတဲ့အထဲ စိတ်ကပါအိုက်သည်။ ဒီနွေလည်းမြန်မြန်ကုန်မှဖြစ်မည်။ အရွယ်နဲ့မလိုက်စိတ်ပင်ပန်းရသည့်အပြင် ရာသီဥတုကပါ နှိပ်စက်နေတော့ စာလည်းမကျက်နိုင်။

‘တောင်..’

ဖုန်းကအသံထွက်လာတာနဲ့ ဖွင့်ကြည့်လိုက်သည်။

-မာရှီ-

*မင်းအဆင်ပြေရဲ့လား အရေးကြီးနေတဲ့ပုံပဲဆိုတော့...မအိုကေရင် ဖုန်းဆက်လိုက်နော်...ငါတစ်ညလုံးအားတယ်*

စာဖတ်ပြီး ကျေကျေနပ်နပ်ပြုံးလိုက်ကာ ဖုန်းချက်ချင်းခေါ်လိုက်သည်။

‘စာပို့တာနဲ့ ချက်ချင်းခေါ်တာပဲ..ဘာလို့လဲ အဆင်မပြေဘူးလား’

ဖုန်းဆက်လိုက်တာနဲ့ မာရှီဟိုက တန်းပြီးဖုန်းကိုင်သည်။ ဂျွန်ခယူပြောတာကိုမစောင့်ဘဲ သူကအရင်ပြောသေးသည်။

‘အင်း ဟုတ်တယ် အဆင်မပြေဘူး’

‘ဘာဖြစ်လို့လဲ ပြောလေ’

‘တကယ်ပြောလို့ရတာလား’

‘အင်း ငါစားတယ်...အင်း ပါးစပ်ကတော့မစားဘူး ပန်းသီးစားနေလို့’

ရယ်လိုက်မိပြန်သည်။

‘ငါတော့ဘာမှမစားရသေးဘူး’

‘ဘာလို့လဲ’

‘မစားချင်လို့’

‘ဒါဆို မစားနဲ့လေ..’

‘အင်း အခုမစားဘူးလေ’

ဒီတစ်ခါတော့ ၂ ယောက်ပြိုင်တူရယ်လိုက်ကြသည်။ ဂျွန်ခယူက အိပ်ရာပေါ်ပက်လက်အနေအထားနဲ့ ဖုန်းပြောနေပေမယ့် မာရှီဟိုကတော့ ဘယ်လိုပုံနဲ့များ ဖုန်းပြောနေမလဲမသိ။

‘မင်း ဘာဖြစ်လို့လဲ ဂျွန်ခယူ … ပြောလေ’

‘ငါ..’

‘အင်း?’

‘ပညာတော်သင်သွားရတော့မယ်ထင်တယ်’

‘ဟမ်? ဘယ်တော့လဲ? ဗြုန်းစားကြီး’

‘အဖေစိတ်ပါတဲ့နေ့ပဲ..မနက်ဖြန်လည်းဖြစ်နိုင်တယ်….သန်ဘက်ခါ..နောက်လ အကုန်သူ့ပေါ်မူတည်တယ်’

‘မင်းစိတ်ညစ်နေမှာပဲ’

‘အင်း အရမ်း….ဟင်း….’  ဂျွန်ခယူကပြောနေရင်း သက်ပြင်းချလိုက်သည်။

‘ငါတို့ဂျွန်ခယူလေး ဒီည သီချင်းမပြင်နဲ့တော့..အိပ်တော့’

‘မာရှီ..ငါစိတ်ညစ်တာထက် စိတ်ပူတယ်’

‘ဘာကိုလဲ’

‘မင်းနဲ့မတွေ့ရတော့မှာကို’

‘ဟား..ဟား..ပြန်လာရင်ပြန်တွေ့မှာပဲကို...အီဆူးလ်ကြားရင် ငိုနေတော့မှာပဲ..သူ့ကိုသွားပြောလိုက်ဦး’

‘အီဆူးလ်က ငါ့သူငယ်ချင်း..မင်းကငါ့..’

‘ငါလည်း မင်းရဲ့သူငယ်ချင်းပဲလေ’

‘အင်း...ဟုတ်သားပဲ..မင်းလည်းသူငယ်ချင်းပဲနော်

ဂျွန်ခယူကဘာမှဆက်မပြောသေးတော့ ဖုန်းလိုင်းထဲမှာ ခဏ တိတ်ဆိတ်သွားသည်။

‘ငါနည်းနည်းအဆင်ပြေသွားပြီ ရေသွားချိုးတော့မယ်..ဒါပဲနော်’

‘အိုကေ…’

ဖုန်းချပြီး မျက်လုံးတွေကိုမှိတ်လိုက်သည်။ လက်ထဲမှာ စာအုပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း နှုတ်ခမ်းတွေကိုစေ့ထားမိသည်။

ဖုန်းဆက်မိကာမှပိုဆိုးသွားပြီထင်သည်။ ဒီလိုပုံနဲ့ဆို ဘယ်လိုမှမဖြစ်တော့…


----------- High School Love Story ---------------

တူဘီကိုတိမ်ညွန့်…




Zawgyi

High School Love Story (Mashikyu)Where stories live. Discover now