Kae-4 / EP-13

1.7K 166 181
                                    

(Unicode)

ရွှေမိုးညို..၊ သတိရတိုင်း တမ်းတမိသောနာမည်.. ။ ဆယ်စုနှစ်တစ်ခု ဝေးကွာနေရာမှ နာမည်ပိုင်ရှင်နဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပြီ။ တိုင်းကမ္ဘာရဲ့ဆုတောင်းတဝက် ပြည့်ခဲ့တယ်လို့ ပြောရမှာပဲ။ဒီ့ထက်ပိုတဲ့ ပေါင်းဖက်ခွင့်လေးများ ပေးသနားရင် ဘယ်လောက်ကောင်းလိုက်မလဲ။

အခန်းငယ်ဆီကို ဒုန်းစိုင်းသွားရင်း အခန်းပေါက်ရောက်မှ တုန့်ကနဲရပ်ရသည်။ တံခါးခေါက်လိုက်ရင် ကောင်းမလား..။ ဒါပေမယ့် မိုးညို အိပ်ပျော်နေတာကို ခဏလေးဖြစ်ဖြစ်ထိုင်ကြည့်ချင်သေးသည်။ တိုင်း အရမ်းလွမ်းနေခဲ့တာမလား..။

တံခါးကို အသံမထွက်အောင် ဖြေးညှင်းစွာဖွင့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ သူ့မိုးညိုကို တွေ့သည်။ ကုတင်ခြေရင်းမှာ ငေါထွက်နေတဲ့ ခြေထောက်နှစ်ချောင်းကြောင့် ရီချင်စိတ်ကို မထိန်းနိုင်..။ ကြည့်ပါဦး အရပ်ကြီး ရှည်လာလိုက်တာ။ အပြင်တွေထွက်ရပါများလို့လား..၊ အသားလည်း ညိုသွားသည်။ တစ်ကိုယ်လုံးမှာ မျက်နှာလေးတစ်ခုပဲ ငယ်ရုပ်လေးကျန်သည်။

ကုတင်ဘေးမှာ ဖွဖွလေး ကပ်ထိုင်ရင်း အိပ်ပျော်နေသူကို တစိမ့်စိမ့်ကြည့်မိသည်။ ရွှေမိုးညိုကို ချစ်လိုက်တာ..။ ဘာလို့ချစ်သလဲလို့ လာမေးကြရင် တိုင်းကမ္ဘာမှာ ဖြေစရာမရှိပါ။ တိုင်းရဲ့ချစ်ခြင်းတွေသည် တိုင်းကိုယ်တိုင်မသိခင်မှာတင် စတင်နေခဲ့ပြီ။ တိုင်းမရှိတုန်း ဘယ်လောက်တောင် ပင်ပန်းခဲ့လိုက်မလဲ။

ချွေးစေးရွှဲနေတဲ့ နဖူးပြင်ကို လက်ဖမိုးနဲ့ ပွတ်သပ်ပေးမိတော့ စိတ်ရှုပ်သွားသည်ထင်..။ စောင်ကိုတွန်းဖယ်ပြီး တစ်ဖက်ကို စောင်းအိပ်သည်။ နိုးသွားမှာစိုးတဲ့စိတ်နဲ့ ကျောပြင်ကို အသာပုတ်ပေးရသည်။ ကိုယ့်အဖြစ်ကို ရီချင်သော်လည်း အသံစိုးစိမှ မထွက်ရဲ။

"ကျွတ်.. ကျွတ်.. အိပ် အိပ် ငါ့မိုးညိုလေး ကောင်းကောင်းအိပ်"

"အင်း အိပ်မယ်"

အိပ်ပျော်အောင် အိပ်မွေ့ချမိတာကို သံယောင်လိုက်လာတာမို့ ပုတ်လက်စ လက်တဖက်က လေဟာနယ်မှာ ကျောက်ရုပ်အလား..။ တိုင်းဘက်ကို ဆတ်ကနဲ လှည့်ကြည့်လာတဲ့ မျက်လုံးတွေက အဝိုင်းသားရယ်။ ရွှေမိုးညိုသည် အိပ်နေတာမဟုတ်ဘဲ မှိန်းနေတာ..။ မိုးညိုက ကြောက်အားလန့်အားနဲ့ ကုတင်စွန်းကို လှိမ့်ချတော့ အသံမမြည်ဘဲ ပြုတ်ကျသည်။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now