"ဘာပဲဖြစ်ဖြစ် ဆယ်နှစ်က ဆယ်နှစ်ပဲလေ၊ ငါ အခုလေ ဟိုကောင့်လောက်တောင် နေရာမပါဘူး"

တိုင်းရဲ့ မေးငေါ့ခြင်းကိုခံလိုက်ရသူက ပဝါတွေကို နေပူပူမှာ ထွက်ခါနေတဲ့ အောင်ကိုရှိန်း..။ ဟေမာန်ကို တွေ့တော့ အလုပ်တဖက်နဲ့ လှမ်းပြုံးပြသည်။

"ဟေမာန်.. အဲ့ကောင်ကို ခေါ်လိုက်၊ မိုးညိုအိမ်လိပ်စာမေးပေး"

"ဘာလဲ နင်လိုက်သွားမလို့လား"

"အင်း.. ခေါ်လိုက်"

တိုင်းကမ္ဘာရဲ့ ချစ်မေတ္တာကို ဟေမာန် ကျိန်ဆဲရင်း‌ အောင်ကိုရှိန်းကို မျက်နှာချိုသွေးကာ လက်ယက်ခေါ်ရသည်။ မန္တလေးကို အလုပ်နဲ့လာတာလား၊ အောင်သွယ်ဖို့လာမိတာလားဆိုတာ မသဲကွဲတော့။

"ဘာဖြစ်လို့လဲ အစ်မ ပါဆယ်လား..၊ ပါဆယ်တော့ ကျွန်တော်တို့ဆိုင်က.."

"ရွှေမိုးညို လိပ်စာပြော!"

"ဗျာ ဘယ်သူလဲမသိဘူး အ.. အကြွေးရှင်လား"

"တိုင်းကမ္ဘာ"

"တိုင်းကမ္ဘာ.. ဒီနာမည်ကြားဖူးသလိုပဲ.. တိုင်းကမ္ဘာ.. တိုင်းကမ္ဘာ.. ဟိုဟာAခန်းထဲက တိုင်းကမ္ဘာလား"

"အင်း ရွှေမိုးညို ဘယ်မှာနေတာလဲ"

"ဟာ.. အဲ့ဒီတိုင်းကမ္ဘာလား၊ ကျွန်တော်က ရုတ်တရက်ဆိုတော့ မမှတ်မိဘူး၊ မိုးညိုဆီကနေ ကျောင်းပြောင်းသွားတယ်လို့ပဲ သိတာ..၊ မိုးညို သိရင်ဝမ်းသာနေတော့မှာပဲ၊ မိုးညိုနဲ့.."

"ငါ အချိန်မရှိဘူး လိပ်စာပဲပြော"

ကိုယ့်ကောင်လေးရဲ့ သူငယ်ချင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘဲ ပြိုင်ဘက်လို သဘောထားနေပြန်ပါပြီ။ ဆူပုတ်နေတဲ့မျက်နှာကြောင့် အောင်ကိုရှိန်းသာမက ဟေမာန်ပါ လန့်နေရပြီ။

"ဗျာ ဟုတ်ကဲ့၊ ရွှေမိုးညိုက ပုသိမ်ကြီးထဲမှာ နေတယ်၊ ပုသိမ်ကြီးနာရီစင်ကို ရောက်ရင်.."

အောင်ကိုရှိန်း လမ်းညွှန်တော်ချက်က ဟေမာန်ကိုကိုတောင် လည်ထွက်သွားရသည်။ တိုင်းကမ္ဘာကတော့ မန္တလေးကို သူပိုင်တယ်ဆိုတဲ့ရုပ်နဲ့..။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now