Part 34(Unicode)
871 102 10
နေ့သစ်တစ်နေ့ကို စတင်လိုက်​သော နံနက်ခင်း၏ ကြည်ပြာရောင်ကောင်းကင်ယံက ကမ္ဘာသစ်အား မျှော်လင့်ခြင်း များဖြင့် ပြည့်ဝနေစေသည်။ ဘုရားဆောင်ရှေ့တူရူရာမှ ပျံ့လွင့်လာသော အသံချိုအေးသည် အနီးအနားပတ်ဝန်းကျင်သို့ သာယာငြိမ့်ညောင်းစွာဖြင့် စီးဆင်းသွားရင်း မူးယစ်ဆေးကြောင့် ရိုင်းစိတ်ကိန်းဝပ်နေကြသော အမျိုးသားများကို ငြိမ်သက်အေးချမ်းစေ၏။
အလွှာပေါင်းစုံမှ လာရောက်ကြသော စရိုက်မတူသူများ ဖြစ်သော်လည်း နိုင်းစစ်တို့သားအဖ ဦးစီးသော ကမ္ဘာသစ်တွင်တော့ ထိုသူတို့အားလုံး တူညီစွာပင်ဖြစ်၏။ မနက်တိုင်း ခြောက်နာရီတွင် အိပ်ရာထရသည်။ ခုနှစ်နာရီတွင် ဘုရားရှိခိုးရပြီး ရှစ်နာရီတွင် မနက်စာ စားကြသည်။ ထို့အပြင် ဆွေးနွေးမှုများကိုလည်း တစ်ယောက်ချင်းစီအလိုက် အချိန်သတ်မှတ်ကာ သီးသန့် မှတ်တမ်းမှတ်ရာများဖြင့် ဆေးကုသခြင်းကို ဖိဖိစီးစီး ပြုလုပ်ပေးသည်။ ကျန်အချိန်များတွင် မိမိတို့ဝါသနာပါရာများ ပြုလုပ်ကာ စုစုစည်းစည်း နေစေခြင်းဖြင့် အထီးကျန်ခြင်းကို လျော့ပါးစေပြီး အားကစားစိတ်ဓာတ် တိုးပွားလာစေသည်။
ဆေးဝါးတစ်ခုတည်းကိုသာ အားမကိုးဘဲ စိတ်ဓာတ်ခိုင်မာရေးကိုလည်း ရှေးရှုသည့်အတွက် ကမ္ဘာသစ်ရဲ့စေတနာက နိုင်းစစ်တို့ သားအဖအပေါ်တွင် ရောင်ပြန်ဟပ်သည်။ မူးယစ်ဆေးဖြတ်ခြင်းမှစ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်အထိ ဆောင်ရွက်ပေးနေကြ​သော အဖွဲ့အစည်းများထဲမှာ ကမ္ဘာသစ်က နာမည်အကြီးဆုံး ဖြစ်နေသည်။ ထို့အတူ ကမ္ဘာသစ်၏ ပဲ့ကိုင်ရှင်များဖြစ်ကြသော ဆရာဝန်ကြီး ဦးအောင်စစ်နှင့် နိုင်းစစ်တို့သည်လည်း psychiatrist လောကတွင် သတင်းမွှေးပျံ့လှစွာ ရပ်တည်နေကြပြန်၏။
နေရောင်ခြည်ဖျော့ဖျော့ တိုးဝင်နေသော ပြတင်းပေါက်အနားတွင် မတ်တပ်ရပ်ပြီး မနီးမဝေးရှိ ပိတောက်ပင်ကြီးကို နိုင်းစစ် ငေးကြည့်နေမိသည်။ ပြုံးရယ်​နေသော မျက်နှာပြင်ပေါ် ဖြတ်တိုက်သွားသည့် လေညင်းကလေးက နိုင်းစစ်၏ နှလုံးသားကို အေးမြသွားစေသလား။ သို့မဟုတ် နိုင်းစစ်မြတ်နိုးရသော တစ်စုံတစ်ယောက်ကြောင့်ပဲ အေးမြနေရသလား မပြောတတ်။ တစ်နေရာရာသို့ ငေးမောမိချိန်တိုင်း ဖျတ်ခနဲ ပေါ်လာတတ်သော အတွေးပုံရိပ်ထဲမှာ ကြည်လင်ဝိုင်းစက်နေသော ဖန်ဂေါ်လီလို မျက်လုံးလေးများ အစဥ်အမြဲ ပြုံးရိပ်သမ်းနေသည်ကို တွေ့ရတတ်ပြီး ထိုမျက်လုံးလေးများ တည်ရှိရာ မျက်နှာချောချောကို လက်ဖဝါးနှစ်ဖက်နှင့် ထိတွေ့မည်ဟု ကြံရွယ်မိချိန်တိုင်းမှာတော့ နိုင်းစစ်ဆီကနေ သူ ထွက်ပြေးသွားတတ်သည်။