မိန်းကလေးများနှင့်အတူ မတ်တပ်ရပ်နေရသော်လည်း သူ့စိတ်ကတော့ လွင့်ချင်ရာလွင့်နေခဲ့သည်။

ဆရာမကလည်း ကျောင်းသားများအား သူမညွှန်ကြားချက်တစ်ခုအော်ပြီးတိုင်း သူမကဲ့သို့လိုက်လုပ်ကြရန် အဆက်မပြတ် ပြောနေခဲ့၏။

ထို 'နံနက်လေ့ကျင့်ခန်းများ' သည် ကြွက်သားများနှင့် အဆစ်များအားလုံးကို တည်ငြိမ်စေပြီး သက်တောင့်သက်သာဖြစ်စေသော အကြောဆန့်လေ့ကျင့်ခန်းများသာဖြစ်ကြသည်။ အကအခုန် လှုပ်ရှားမှုများကိုတော့ နောက်ပိုင်းမှသာ သင်ယူကြရမည်ဖြစ်သည်။

ရှန်းချိုက်၏ခန္ဓာကိုယ်သည် အမှန်တကယ်ကို ပြောင်းလွယ်ပြင်လွယ် ပုံစံဖြစ်သည်။ ဘဲလေးအကသည် ' ဖြောင့်မတ်ခြင်း၊ ဖွင့်ကားခြင်းနှင့် ပေါ့ပါးမှုအပြင် တည်ငြိမ်မှု ' တို့ကို လိုအပ်သည်။ ပေါ့ပါးမှုနှင့် တည်ငြိမ်မှုတို့မှာ နေ့စဉ်နှင့်အမျှ လေ့ကျင့်မှုများဖြင့် အောင်မြင်နိုင်သော်လည်း ဖြောင့်မတ်ခြင်းနှင့် ဖွင့်ကားနိုင်ခြင်းဆိုသည်မှာ အရည်အချင်းပေါ်တွင် လုံးဝမူတည်နေလေသည်။ အထူးသဖြင့် "ဖွင့်" ဟူသောစကားလုံးသည် မိမိ၏တင်ပါးဆုံရိုးကို အပြည့်အဝဖွင့်ထားရကာ ဒူးခေါင်း၊ ခြေချင်းဝတ်များနှင့် ခြေချောင်းများကို အပြည့်အဝ ဆွဲဆန့်ထားရမည်ဖြစ်သည်။

ရှန်းချိုက်ကို သင်ကြားပေးခဲ့သည့် ဆရာများအားလုံးက သူသည် အစစ်အမှန် အကပညာရှင်တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ ဒုတိယအဆင့် လိင်ပိုင်းဆိုင်ရာလက္ခဏာများ ဖွံ့ဖြိုးလာပြီးနောက် ယောက်ျားလေးများစွာတို့သည် ဟော်မုန်းလွှမ်းမိုးမှုများကြောင့် တင်ပါးဆုံရိုး၌ ကြီးကြီးမားမားအပြောင်းအလဲများ ဖြစ်ပေါ်လာကြလိမ့်မည်ပင်။ တစ်ချိန်က လွယ်လွယ်ကူကူကနိုင်ခဲ့သော ကကွက်များပင် ခက်ခဲလာနိုင်၏။

သို့သော် ရှန်းချိုက်သည်တော့ ထိုကြီးမားသောအခက်အခဲကို ငြိမ်းချမ်းစွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ဒုတိယအဆင့် ​ဖွံ့ဖြိုးမှုအပြီးတွင် သူသည် အလွန်ကောင်းမွန်သော ကိုယ်ခန္ဓာအနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကာ သူ့ပခုံးများက ဖြောင့်​မတ်နေပြီး ခါးလေးသည်လည်း ပျော့ပြောင်းနေခဲ့သည်။ သူ့ကိုယ်လုံးကိုယ်ပေါက်သည် အမြဲတစေ သင့်တင့်လျောက်ပတ်နေကာ သူနှင့်ရွယ်တူများကဲ့သို့ ဆင်းရဲဒုက္ခမျိုးကို တစ်ခါမှ မသိခဲ့ရပေ။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now