ရန်ကျားလိသည် ကစားလို့ဝသွားပြီးနောက် ယဲ့ထင်ကို တိုးဖွဖွလေး မေးလိုက်သည်။ "ငါတို့အမြဲတမ်း အတူရှိနေနိုင်မယ်လို့ မင်းထင်လား။ အနာဂတ်မှာ မင်းငါ့ကိုမလိုချင်တော့ရင်ရော??"

ယဲ့ထင်က မျက်ဝန်းများကို မှိတ်ချလိုက်ပြီး "အဲ့လိုဘယ်တော့မှမဖြစ်ပါဘူး"

"အဲ့လောက်တောင် သေချာတယ်ပေါ့??"

ယဲ့ထင်သည် ရန်ကျားလိကို ပွေ့ဖက်လိုက်ပြီး နားရွက်နားကပ်ကာ လေးလေးနက်နက်နှင့် နူးညံ့စွာပြောသည်။

"ကလေးလေး၊ ကိုယ်ကမင်းဘဝအတွက် သစ္စာအရှိဆုံး အစောင့်အရှောက်ဖြစ်နေပေးမယ်။ အနာဂတ်မှာမင်းဘယ်လောက်ဝေးဝေးကိုပဲ ထွက်သွားသွား၊ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲ မင်းရောက်နေပါစေ မင်းပြန်လှည့်ကြည့်လိုက်တာနဲ့ ကိုယ်ကမင်းနောက်မှာ အမြဲရှိနေပေးမယ်။ ကိုယ်ကတိပေးပါတယ်။"

ရန်ကျားလိရဲ့ နှလုံးသားလေးဟာ လှုပ်ခတ်သွားပြီးနောက် ခေါင်းကိုခပ်ဖြေးဖြေးချင်းလှည့်လာကာ သူ၏နှုတ်ခမ်းအား ယဲ့ထင်၏နှုတ်ခမ်းတစ်စုံနှင့် ထပ်တူကျစေလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် ခံစားချက်တို့ကို ဆက်လက်ထိန်းချုပ်ထားနိုင်စွမ်း ကင်းမဲ့ကာ နမ်းရှုံ့ကြတော့သည်။

ရန်ကျားလိသည် စကားအရာတွင်သာ အရှက်မဲ့ပြီး ပြောင်ပြောင်တင်းတင်း ပြောတတ်သလောက် အနမ်းခြွေရာတွင်တော့ ပြုသမျှနုခံနေရသော ဘဝဖြစ်သည်။ ယဲ့ထင်ကတော့ ဆန့်ကျင်ဘက်ပင်၊ စကားနည်းလှသူဖြစ်သော်ငြား သူ၏အနမ်းများဟာ ကြမ်းတမ်းကာ အရိုင်းဆန်လွန်းသည်။  

သူတို့နမ်းရှုံ့နေကြစဥ်မှာပင် မိုးကုပ်စက်ဝိုင်း၏ မနက်ခင်းအလင်းရောင်သည်လည်း တဖြေးဖြေးလင်းလက်လာသည်။ မြို့​ပြ၏အရုဏ်ဦး အလင်းတန်းများသည်လည်း ကမ္ဘာမြေပေါ်သို့ တသွင်သွင် ကျဆင်းလာပြီး နံနက်ခင်းစျေးဆိုင်ငယ်များသည်လည်း လမ်းမတန်းတွင် အလျိုလျိုပေါ်ထွက်လာသည်။

ပဲနို့ရည်ပူပူလေး၏ မွှေးပျံ့ပျံ့သင်းရနံ့နှင့်အတူ မီးလင်းဖိုမှထွက်လာသော မီးခိုးလုံးများနှင့် မီးတောက်မီးစများက မြို့အနှံ့ပျံ့နှံ့သွားသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now