ကားသံကြား၍ ခြံ၀သို့ အပြေးသွားကြိုလေတော့ ကားပေါ်မှလူမှာ သူမမျှော်နေသော ရဲခေါင်မဟုတ်ပါချေ။
ရွှန်းသစ်နုပျိုနေသော မိန်းမငယ် သော်တာသည် ခြူးကိုမြင်သော် နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလေသည်။
"မမသော်တာ အလည်လာတာလား"
သော်တာလက်ထဲမှာ အ၀တ်အိတ်အချို့။
"ဟုတ်တယ် ညီမလေး။ ဒီမှာ ဂါ၀န်လှလှလေးတွေ "
"အခြူးဖို့လား"
"ဒါပေါ့ ရော့ ယူနော်"
ဟင့်အင်း။ ကိုကိုက ပြောဖူးတယ်။ အခြားသူရဲ့ ပစ္စည်းကို အလွယ်တကူ လက်မခံသင့်ဘူးတဲ့။ အယူချည်းမဟုတ်ပဲ မိမိဘက်ကလည်း ပြန်ပေးသင့်သတဲ့။ ဒါပေမဲ့ အခြူးမှာ ဘာမှပြန်ပေးစရာ မရှိဘူးလေ။ ကိုကိုရေ အခြူး ဘာလုပ်ရပါ့မလဲ။
ထိုမြင်ကွင်းကို အိမ်ထဲမှ လှမ်းမြင်နေသော
နုခေါင်က သူတို့ဆီ ပြေးလာခဲ့သည်။မအီမသာဖြစ်နေသော အခြူးမ မျက်နှာကို ကြည့်၍ ကျွန်တော်နားလည်လိုက်ပါပြီ။ အခြူးဆိုတဲ့ ကောင်မလေးဟာ သူကြိုက်တဲ့ chocolateတွေ ကျွန်တော်က ပေးရင်တောင် အလကားမယူချင်တဲ့သူလေ။
"မမသော်တာ ဒါတွေ ပြန်ယူသွားလိုက်ပါ"
မာဆတ်ဆတ်ဖြင့် ပြောလာသော
နုခေါင်လေးကို ကြည့်၍ သော်တာ ပြုံးလိုက်ပါသည်။"နုခေါင်လေးရယ် မမ ၀တ်ပြီးသားတွေ မဟုတ်ပါဘူး။ မေမေ ၀ယ်ပေးလိုက်တာပါ"
နုခေါင်ကလည်း လက်မလျှော့ပါလေ။
သူသာ အခြူးကို ပေးချင်ကမ်းချင်သည်။ အခြားသူများက သနားစဖွယ် လာပေးနေသည်ကို သဘောမကျပါ။"သူ့မှာ ဒါမျိုးဟာတွေ အများကြီးပဲ မမရ ။နောက်ခါလာမှ သားဖို့၀ယ်ခဲ့နော်"
ခေါင်းမာလှသော နုခေါင်ထွဋ်တင်ကို
သော်တာက ပြုံး၍သာ လက်လျှော့လိုက်ရပါသည်။"ဟုတ်ပါပြီ။ ဒါနဲ့ ကိုကို ရောက်ပြီလားဟင်"
" အော် ကိုကိုလား။လာတော့မှာပါ "
သော်တာ၏ ရည်ရွယ်ချက်က ရဲခေါင်ဆီ ဆိုတာကို ငါးတန်းကျောင်းသားဖြစ်နေပြီဖြစ်သော
နုခေါင်က အသေအချာ နားလည်လိုက်သည်။