မေတ္တာဖြင့်စီရင်အပ်သော
**********************
အခန်း - ၁
" နိဒါန်း "
အချိန်ကည ၉နာရီ ကျော်ကျော် သူငယ်အိပ်ချိန်။ လျှပ်စစ်မီးမရှိ ၊ လရောင်မရှိတဲ့လမိုက်ညအောက်မှာ တိတ်ဆိတ်စွာအိပ်မောကျနေတဲ့ရွာကလေး။ တစ်ချက်တစ်ချက်ခွေးဟောင်သံ၊ လေတိုက်လို့သစ်ရွက်တွေလှုပ်သံမှလွဲပြီး ဘာသံမှမကြားရ။
မှောင်နဲ့မဲမဲရွာလယ်လမ်းမပေါ်မှာတော့ ပါးစပ်ကတတွတ်တွတ်ရွတ်ရင်း လမ်းလျှောက်နေတဲ့ဆရာတော်တစ်ပါး။ ခြေလှမ်းတွေကိုမနှေးပဲမမြန်ပဲလျှောက်လှမ်းနေတဲ့ဆရာတော်က ရွာကိုတစ်ပတ်ပတ်မိချိန်မှာတော့ ဘုန်းတော်ကြီးကျောင်းကိုပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ကျောင်းဝင်းအဝင်ကခုံတန်းလျားပေါ်ထိုင်ကာ အမောဖြေရင်းပါးစပ်မှလည်း တိုးတိုး တိုးတိုးနှင့် မေတ္တသုတ်ကိုရွတ်ဆိုနေပြန်သည်။
မေတ္တာသုတ်ကိုရွတ်ဆိုပြီးပြီဖြစ်၍ မျက်လုံးဖွင့်လိုက်တော့ ကျောင်းဝင်းနှင့်မျက်နှာချင်းဆိုင်ဘောလုံးကွင်းထဲက မြင်ကွင်းက ဆရာတော်ကိုရုတ်တရက်အံ့အားသင့်ကာ မျက်လုံးများပင်ကျယ်သွားစေပါတော့သည်။
ဘောလုံးကွင်းထဲမှာတော့ ရဲရဲနီနေသောမီးလုံးကြီးပါပေ။ မြင်မြင်ချင်းတော့လူငယ်တွေမီးလှုံနေကြသည်ဟု ဆရာတော်ကထင်နေသေးဟန်တူသည်။ မျက်လုံးများကိုမှေး၍ ကြည့်နေသေးသည်။
သို့သော် ဟိုဘက်ထိပ်နှင့်ဒီဘက်ထိပ်ကို ဖြေးဖြေးချင်းရွေ့နေသောမီးလုံးကြီးကို စိုက်ကြည့်ရင်း သဘောပေါက်လာဟန်ဖြင့် တင်ပျဥ်ခွေထိုင်ကာ မျက်လုံးများကိုအသာမှိတ်ပြီး မတိုးမကျယ်သောအသံမှန်မှန်ဖြင့် မေတ္တာပို့ပါတော့သည်။
" ကျန်းမာပါစေ... ချမ်းသာပါစေ.... ဘေးရန်အန္တရာယ်ကင်းရှင်းကြပါစေ... "
အချိန်တော်တော်ကြာသည်အထိ မီးလုံးကြီးနှင့် မေတ္တာတရားကိုလက်ကိုင်ထားသူတို့ အားပြိုင်ကြရင်း ဆရာတော်ရဲ့မေတ္တာအစွမ်းကြောင့်ထင့် နီရဲနေသောမီးလုံးကြီးလဲ တစတစပျောက်ကွယ်စပြုလာပြီဖြစ်ပါသည်။
YOU ARE READING
💕 မှတ်တိုင်တချို့
Short StoryBoys Love ဝတ္ထုတိုအပါအဝင် ပြိုင်ပွဲတွေမှာရွေးချယ်ခံခဲ့ရဖူးတဲ့ ဝတ္ထုတိုလေးတွေ၊ မဂ္ဂဇင်းတွေမှာရွေးချယ်ခံခဲ့ရဖူးတဲ့ဝတ္ထုတိုလေးတွေကို စုပြီးတင်ပေးထားတာပါ။ တစ်ခုခုတော့ခံစားမိမှာပါ။
