"ရော့ပြီးပြီ။ "

"ဒီမှာငါပြောမယ်မှတ်ထား။ ဒါတွေကအမှတ်တရတွေဟဲ့သိလား။ နောင်တစ်ချိန်နင်ပြန်လိုချင်ပါတယ်ဆိုတာတောင်မရနိုင်တော့မယ့်အမှတ်တရတွေ။ ငါတို့ကနင့်ကိုအမှတ်တရတွေဖန်တီးပေးနေတာ။ ကျေးဇူးတင်လိုက်။"

"အပိုစကားမပြောကြပါနဲ့။ နောက်တစ်နှစ်ကူးရင် လမ်းထိပ်က ဘာဘူကြီးဆီရောက်သွားမှာငါမသိတာကျ။ ဟိုမှာနင်တို့ကို ဆရာမခေါ်နေတယ်သွားကြ"

"အေး။ သွားမှာပါ။ "

ကော့ပတ် ကော့ပတ်နှင့်ထွက်သွားကြသောတစ်သိုက်ကိုမျက်နှာလွှဲလို့ အခန်းပြတင်းမှတစ်ဆင့် အစ်ကိုရှိရာအဆောင်သို့ လှမ်းမျှော်ငေးကြည့်နေလိုက်သည်။ အစ်ကိုကိုမမြင်ရပေမယ့်လည်း အစ်ကိုရှိကာအရပ်ကိုမျက်နှာမူနေရခြင်းမှာတောင် ပျော်ရွှင်ရပါတယ် အစ်ကို။

အမှတ်တရတွေတဲ့။ အမှတ်တရဆိုတဲ့အရာမှာ ဝမ်းနည်းမှုလည်းရှိနိုင်သလို ပျော်ရွှင်မှုလည်းရှိနိုင်၏။ ကိုယ်အမှတ်ရနေသ၍ အမှတ်တရအဖြစ်ကျန်ရှိနေလိမ့်မည်။ အမှတ်တရတွေဆိုတာ ဝိုင်နဲ့တူတယ်။ နှစ်ချို့လေ ပိုပြီး တန်ဖိုးရှိလာလေပါပဲ။

အစ်ကိုကတော့ ကျွန်တော့်အတွက် အလှပဆုံး မှတ်ဥာဏ်၊ တန်ဖိုးဖြတ်မရတဲ့ အမှတ်တရ တစ်ခု။ အစ်ကိုနဲ့သက်ဆိုင်ပါသော အမှတ်တရဟူသရွေ့ ချိုမြိန်သည်ဖြစ်စေ၊ ခါးသက်သည်ဖြစ်စေ ၊ အမြတ်တနိုးထုတ်ပိုးထားမယ့် ကျွန်တော်ရယ်ပါ။ 

"အလက်ာ ဆရာမက ကိုးတန်းဘက်က ဆရာမနားနေခန်းဆီ ကြာဇံချက်သွားပို့ပေးတဲ့။ "

အလက်ာ့မျက်လုံးလေးတွေထဲ ကြယ်တွေကလတ်ခနဲပဲ။ အလက်ာလေး ညတိုင်းဘုရားရှိခိုးအိပ်လို့ ကံကောင်းနေလေရဲ့။ အဆိုပါတာဝန်အား ဝမ်းမြောက်စွာဖြင့် လက်ခံရရှိလိုက်ပါသည်။

ငါးဆင့်ချိုင့်လေးဆွဲလို့ နဝမတန်းဘက်ခြေလှမ်းလှည့်ခဲ့လေ၏။ နားနေခန်းက ပထမထပ်တွင်ဖြစ်ပြီး အစ်ကို့အခန်းကတော့ မြေညီထပ်တွင်ဖြစ်သည်။ ပုံမှန်ဆို အပေါ်ကိုတန်းတက်သွားရမှာဖြစ်ပါသော်ငြား အလက်ာ ကွေ့ပတ်လို့ အစ်ကို့အတန်းရှေ့ကဖြတ်ကာအစ်ကို့ကို လျှပ်တပြတ်လေးခိုးကြည့်ရပါသေးတယ်။ ခိုးကြည့်ပါများတော့  အစ်ကိုထိုင်နေကျနေရာလေးကို မျက်လုံးကဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်ရှာလေသည်။

မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>Where stories live. Discover now