"ခါးဆိုဒ်က..."

မင်းဆက် ဆက်မပြောဖြစ်တော့...။ သူမက ဘောင်းဘီကိုကိုင်ကာ သူ့ရှေ့မှာခြေဖျားထောက်ရပ်ကာ လည်ပင်းကို သိုင်းလိုက်သည်။ မင်းဆက် တကယ်အံ့ဩသွားမိပြီး သူမကိုငုံ့ကြည့်ပေမယ့် ချာတိတ်မကတော့ မျက်မှောင်ကုပ်လျက်...

" ဟေ့ လူကြီး... ခါးနည်းနည်းကိုင်းပေးအုံးလေဗျာ... ဒီမှာခြေဖျားထောင်တာတောင် အရပ်ကမမီဘူး"

မင်းဆက် အသာခေါင်းကိုရှေ့ကိုင်းပေးတော့ သူမက သူ့ပခုံးကိုကျော်ကာ နောက်ကိုကျော်ကြည့်ပြီး

" ဒီတစ်ထည်နဲ့ ကိုက်လောက်တယ်... လင်း You Tubeမှာကြည့်ဖူးတယ်... ခါးဆိုဒ်မသိရင်ဒီလိုတိုင်းရတယ်တဲ့"

သူမက ဘောင်းဘီကိုပြန်ယူသွားကာ အေးအေးဆေးဆေးပင်... မင်းဆက်မှာသာ ရင်ဘက်ထဲမှာ ဝုန်းဒိုင်းကျဲလို့...

" အမ ဒီဘောင်းဘီနဲ့ အင်္ကျီသုံးထည်ယူမယ်နော်။ တွက်ပေးပါအုံး..."

"ဟုတ်ပြီ ညီမလေး..."

အရောင်းဝန်ထမ်းက အထည်တွေယူကာ အိတ်နဲ့ထည့်နေသည်။

" ကလေးအတွက်ရော... မဝယ်တော့ဘူးလား"

သူမက နှာခေါင်းလေးအသာရှုံ့ပြရင်း ခေါင်းခါသည်။

" ဟင့်အင်... အရင်ကိုကြီးဝယ်ပေးထားတာတွေတောင် တစ်ခါမှမဝတ်ရတာတွေရှိသေးတယ်"

သူမက ပြောပြီး ငွေရှင်းကောင်တာမှာ ငွေရှင်းပြီး အထုပ်တွေဆွဲလာသည်။ ဆိုင်အပြင်ဘက်ထွက်လာကြတော့ မင်းဆက်က သူမလက်ထဲကအထုပ်တွေပြောင်းယူလိုက်ရင်း...

" အဲဒီအင်္ကျီတွေ ဘာလို့မဝတ်တာလည်း... လှရဲ့သားနဲ့"

ချာတိတ်မက သူ့ကိုမော့ကြည့်ကာ သွားစေ့ရယ်ပြသည်။ တကယ့်ကြောင်မလေးလို...

" တအားကြီး လှနေလို့ပေါ့။ အဲဒီဂါဝန်တွေနဲ့ စကပ်တွေက လင်းရဲ့စတိုင်မဟုတ်ဘူး"

မင်းဆက် ဘာမှမပြောတော့ပဲ သူမဦးဆောင်ရာနောက် လိုက်ခဲ့သည်။ ဂျင်းစကပ်တိုလေးရယ်... အင်္ကျီအစင်းကျားတီရှပ်ပွကြီးရယ်... ဆံပင်နှစ်ဖက်ခွဲစည်းလေးနဲ့ သူ့ရှေ့က ပုတက်တက် ကောင်မလေး။ ဝေါကင်းရှူးကလေးစီးပြီး ဂျင်းသားလွယ်အိတ်လေးကို လွယ်ထားတဲ့ ချာတိတ်မလေးကို ၁၀တန်းကျောင်းသူလို့ပြောလည်း ယုံကြမှာ။ ၈တန်းကျောင်းသူလို့ပြောလည်း ယုံကြမှာ...

နှလုံးသားစေရာ Where stories live. Discover now