သူအဆင်သင့်ဖြစ်နေပြီ။ သေချာတယ်။
ꕥ
"ကဲ ပြောပြပါဦး ဒီနေ့ဘာတွေဖြစ်ခဲ့သေးလဲ"
ပြားကပ်နေတဲ့ခေါင်းအုံးပေါ်ကို ဖောင်းသွားအောင် တစ်ဘုတ်ဘုတ်မြည်တဲ့အထိကိုပုတ်ရင်းမေးတယ်။ သူပြောပြသမျှအကြောင်းအရာတိုင်းကို သူနဲ့တည့်တည့်မှာထိုင်ပြီး မေးထောက်ရင်းဖြစ်စေ ဒါမှမဟုတ် သူကအိပ်ရာပေါ်မှာလှဲနေရင် ဘေးမှာ၀င်လှဲရင်း သူ့ဆံပင်တွေကိုအသာအယာသပ်တင်ရင်းဖြစ်စေ အစအဆုံးနားထောင်ပေးလေ့ရှိတဲ့သူ။ ဒီနေ့လည်း မငြီးမငြူပါဘဲ။
"ဘာမှမထူးပါဘူး ဟွန်းရာ အရင်လိုငါ့ကိုရောဂါသည်ဆိုပြီးရှောင်ကြတာပါဘဲ တကယ်လည်းရောဂါသည်ဘဲကို ဟီးဟီး ငါကရိုးနေပါပြီ ဘာမှမဖြစ်တော့ဘူး တကယ်"
သူကသာရယ်သံစွတ်ရင်း ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်ပေမဲ့ ဟွန်းက ဂျယ်ယွန်းရဲ့ အရွယ်စုံသောက်ဆေးဘူးလေးတွေစီတင်ထားတဲ့ နှစ်ထပ်စင်အသေးလေးကိုဘဲငေးနေတယ်။ မိနစ်၀က်လောက်ကြာတော့မှ ဂျယ်ယွန်းဘက်ပြန်လှည့်လာပြီး ..
"ငါလည်း မင်းကျောင်းကိုလိုက်ခဲ့လို့ရရင်ကောင်းမယ်"
"ဟင် စာသင်ချင်လို့လား မသင်ချင်စမ်းပါနဲ့ကွာ ငါတောင်မဖြစ်မနေမို့လုပ်-"
"မင်းကို အနိုင်ကျင့်တယ်ဆိုတဲ့ကောင်တွေရဲ့မျက်နှာကို ထိုးချင်လို့"
"အာ..."
နောက်နေတယ်ထင်ပေမဲ့ ဟွန်းကတစ်ချက်လေးမှမပြုံးတော့ဘဲ မျက်နှာတည်တည်နဲ့ဘဲပြန်ပြောနေတာကြောင့် ဂျယ်ယွန်း ငြိမ်နေလိုက်တယ်။ ဟွန်းက မငိုတတ်ပေမဲ့ ဒေါသတော့ထွက်တတ်သတဲ့။
သူပြောပြတဲ့ထဲမှာ ကျောင်းကလူတွေသူ့ကိုမပေါင်းချင်ကြတာတို့ အနိုင်ကျင့်ခံရတာတို့ပါရင် ဟွန်းရဲ့အကြည့်တွေကချက်ချင်းပြောင်းသွားတတ်တာ။ အဲ့လိုအချိန်မျိုးဆို ဟွန်းကိုသူကြောက်တာမို့လို့ ကျောင်းမှာရှောင်ဖယ်ခံရတာကို အတတ်နိုင်ဆုံးမပြောမိအောင်နေတယ်။
အနိုင်ကျင့်ခံရတယ်ဆိုတာက ရုပ်ရှင်တွေထဲကလို လူမိုက်ကောင်တွေဆီကရိုက်နှက်ခံရတာမျိုးမဟုတ်ဘဲ အနှိမ်ခံရတာရယ်ပါ။ အခန်းရဲ့ထောင့်ဆုံးနေရာက သူ့ရဲ့တစ်ယောက်ထိုင် စာရေးစားပွဲပေါ်မှာ 'ငပျော့ကောင်'၊ 'အရှုံးသမား'စတာတွေကို ညစ်ပတ်ပွထနေအောင် လာရေးထားတတ်ကြတာတို့၊ သူ့ရဲ့ပစ္စည်းများများစားစားမထည့်ထားတဲ့ Lockerအခန်းသေးသေးလေးထဲကို အမှိုက်တွေလာထိုးထည့်ထားကြတတ်တာတို့၊ သူနေ့စဉ်သောက်ရမဲ့ ဆေးထုပ်ကိုယူဖွက်ထားကြတာတို့ ဒီလောက်ပါဘဲ။ မွေးရာပါနှလုံးအားနည်းတဲ့ရောဂါက ကူးစက်ပျံ့နှံ့ခြင်းမရှိတာကိုအားလုံးသိကြပေမဲ့ သူ့အနားကိုတော့တစ်ယောက်မှမကပ်ချင်ကြဘူး။
UNREAL - unicode
Start from the beginning
