ꕥ
ဒီနေ့အတွက်လည်း ညခင်းကတိတ်တဆိတ်ချည်းကပ်လာပြန်တယ်။ သူရိန်နေမင်းကလည်း တစ်နေ့တာအတွက်နှုတ်ဆက်ပြီး အနားယူဖို့ငုပ်လျှိုးစပြုနေပြီ။ ရာသီဥတုဟာ ဆောင်းတွင်းဘက်သို့ကူးပြောင်းရောက်ရှိလာသောကြောင့် အချိန်မတိုင်ခင်ပျောက်ကွယ်သွားတတ်တဲ့နေရောင်ခြည်ကို မည်သူမှအပြစ်ဆိုလို့မရပါ။
အဖြူရောင်လှိုင်းတွန့်ပုံစံ ဇာလိုက်ကာကို ပြတင်းရဲ့ဘေးတစ်ဖက်တစ်ချက်ဆီမှာ အသာအယာစုချည်ထားတာမို့လို့ ဝေဟင်ယံကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။ စတုရန်းပုံစံအကွက်လေးကွက်ကန့်ထားတဲ့ မှန်ကူပြတင်းကိုဖြတ်၍မြင်နေရသော အပြင်လောကကို အမှောင်ထုကတစ်ဖြည်းဖြည်းဝါးမျိုနေပြီ။ အပြီးတိုင်နှုတ်ဆက်ခါနီးမို့လို့ထင် သူ့အတွက်မြင်သမျှအရာရာဟာလွမ်းမောဖွယ်ချည်း။
စာကြည့်စားပွဲမှာထိုင်ရင်း သူမြင်နေရတဲ့ပုစွန်ဆီရောင်ကောင်းကင်က နေ၀င်အလှကိုမျက်လုံးမလွှဲနိုင်အောင်ပံ့ပိုးပေးတဲ့ တိမ်စိုင်တိမ်လိပ်တွေကိုအတန်ကြာငေးတယ်။ ကမ္ဘာပေါ်မှာ ထိုသူပြီးရင် တိမ်တွေကို သူသဘောအကျဆုံးပါပေ။ လွတ်လပ်တယ်။ လှပတယ်။ အထီးကျန်ခြင်းမရှိဘူး။ သူလည်းတိမ်တွေလိုမျိုး လေသိမ်ရာအတိုင်း ပေါ့ပါးစွာမြောလွင့်လိုက်ချင်ပါရဲ့။
ရေးလက်စဒိုင်ယာရီစာအုပ်ကို ဘေးနားကကတ်ထူပြားရှည်ရှည်လေးနဲ့ညှပ်ပြီး သိမ်းတယ်။ လက်ဝါးတစ်ပြားစာလောက်သာရှိသော အိတ်ဆောင်ကတ်ဆက်အသေးလေးကနေ Loopလုပ်ပြီး ခပ်တိုးတိုးဖွင့်ထားတဲ့ X Lovers ရဲ့ Haunt You ကိုတော့ မပိတ်လိုက်မိ။ အမှတ်တရတွေတစ်ပုံကြီးကျန်ရစ်ခဲ့တဲ့ နို့နှစ်ရောင်နံရံတို့နဲ့ ခန်းကျဥ်းကျဥ်းထဲမှာ သီချင်းသံလွင်လွင်ကပျံ့လွင့်နေဆဲ။
ကုတင်ဘေးမှာနေရာယူထားတဲ့ ကိုယ်လုံးပေါ် ကြည့်မှန်ဆီကိုလျှောက်သွားလိုက်တယ်။ မှန်ထဲမှာပြန်မြင်နေရတဲ့ သူ့ပုံရိပ်က စိတ်လှုပ်ရှားတဲ့ပုံပေါ်နေသလို တစ်ဆက်တည်းမှာဘဲ ၀မ်းနည်းရိပ်တွေကလည်း တစ်ဖျတ်ဖျတ်သန်းနေသေးသည်။
