စိတ်ရှုပ်ထွေးဟန် အပေါ်ဝတ် ကုတ် အညိုကို ချွတ်လိုက်သော ကိုကိုကြောင့် မြေကိုင်ထားသည့် လက်က လက်အိတ်ကို အမြန်ဖယ်ရင်း အလိုက်တသိ ဆည်းဆာ လက်ကမ်းရသည်။
လက်ထဲရောက်လာသည့် ကုတ်အညိုလေးကို အသာ လက်ကောက်ဝတ်ပေါ် ခေါက်တင်ရင်း ကိုကို့ဆီက စကားသံတို့ကို စောင့်စားရသည်။"ပျော်စရာကောင်းခဲ့သလား"
"ဗျာ "
"ညတွေ သွားရတာ သိပ်ပျော်ခဲ့လား"
မိုးကြိုးအဆင်းတစ်ရာလောက် ပစ်ချလိုက်လျှင်တောင် အခုအချိန် ကိုကို့စကားလောက် မတုန်လှုပ်နိုင်။
ထိုစကားသည် လိမ်လည်၍ မရတော့သလို၊ လှည့်ပတ်ပြော၍လည်း မရတော့သည်ကို မီးမောင်းထိုးပြလိုက်ဟန်။
ဆည်းဆာ လုပ်သမျှ ကိစ္စတိုင်း ကိုကို သိပြီးခဲ့ပြီ ထင်ပါရဲ့။ ဒေါသထွက်နေသည့် ပုံရိပ်သည် မထူးဆန်းတော့ပါ။"တောင်းပန်ပါတယ် ကိုကို"
"ကျစ်! မေးတာကိုပဲ ဖြေ ဆည်းဆာ! အပိုစာသားတွေ မကြားချင်သေးဘူး"
တောင်းပန်စကားကို ကြားဖြတ် မာန်လိုက်သည်ကြောင့် ဆည်းဆာ အသံတိတ်လိုက်ရသည်။
ကိုကိုက ရွေးစရာလမ်း မပေးတော့ပေ။ ချောင်ပိတ်စစ်မေးနေပြီ။"မပျော်ခဲ့ပါဘူး ကိုကို"
ဆတ်ခနဲ ရောက်လာသည့် ဒေါသ မျက်ဝန်းတို့က ဆည်းဆာကိုယ်လုံးလေးကို မီးမြိုက်တော့မတတ်။
"လေသံကို ပြင်လိုက် ဆည်းဆာ!အဲ့သောက်ချိုးတွေ ငါ့ကို လာမချိုးနဲ့ ရွဲ့တာတွေ စောင်းတာတွေ လုပ်ချင် တခြားသူကို သွားလုပ် ငါ့ရှေ့လာလုပ်ရင်တော့ မင်း ရွဲ့စောင်းသွားဖို့ ငါ တာဝန်ယူနိုင်တယ်"
ခပ်ပြင်းပြင်း ဆူငေါက်သံသည် ဝမ်းနည်းစိတ်ကို ထိုးဆွလိုက်သလိုပင်။ ကိုကိုသည် သိပ်ကို မာန်မာန ကြီးသည်။ စကားပြောလျှင် ဘယ်သောအခါမှ မညင်သာတတ်။ ထိုသို့သော မညင်သာခြင်းတွေသည် ဆည်းဆာ အပေါ်ကို ပို၍ဆိုးသည်။ အပြုအမူ၊အပြောအဆို သေးသေးလေးပင် အမှားမခံ။
ဖြေးဖြေးအေးအေးနေတတ်ပြီးစကားနည်းတတ်သည့် ဆည်းဆာက ကိုကိုရှေ့ရောက်တိုင်း မေးလာသမျှ မေးခွန်းတို့ကို အဆင်ပြေအောင် မဖြေပေးတတ်။ သူ့နဂို ပုံမှန်အတိုင်း ပြောလိုက်သည့် စကားတစ်ခွန်းကပင် ကိုကို့ ကို ပိုဒေါသထွက်သွားစေတတ်သည်။
ဘဝက ကိုကိုပါ(Unicode)
Start from the beginning