အရေးပေါ်ဌာနမှာတော့ ဖေဖေက ခုနက လူနာကောင်လေးကို အားသွန်ခွန်စိုက် ကယ်တင်နေတာကို ခပ်လှမ်းလှမ်းကနေ မြင်နေရတယ်။
လက်နဲ့ မရတော့လို့ထင်ပါရဲ့ လူနာကောင်လေးရဲ့ ရင်ဘတ်ပေါ်မှာ ရှုပ်ယှက်ခတ်ကုန်တဲ့ ကြိုးတွေ ...
ပြီးတော့ မြောက်တက်သွားတဲ့ ကိုယ်လုံးလေး ...
" အရမ်းနာနေတော့မှာပဲ .. "
သတိရမလာသေးတဲ့ ကောင်လေးကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိတဲ့ စကားလေးတစ်ခွန်း ..
သူ့မေမေဖြစ်သူကတော့ အဲ့ဒီမြင်ကွင်းကို ဆက်ကြည့်နိုင်ပုံမရတော့ဘဲ သူ့ဖေဖေဖြစ်ပုံရတဲ့ ဦးလေးကြီးရဲ့ ရင်ဘတ်ပေါ်ကို မျက်နှာဖွက်ထားရင်း ငိုကြွေးနေတော့တယ်။ ဘတ်ဟျွန်းဖေဖေကတော့ တစ်ကိုယ်လုံးချွေးတွေရွှဲနေတဲ့အထိ ကြိုးစားနေဆဲ။
ဟော .. ကြည့်နေရင်းပဲ ချိတ်ဆက်ထားတဲ့ မော်နီတာပေါ်မှာ ဂဏန်းတွေတက်လာပြီး လှိုင်းတွန့်လေးတွေ ပေါ်လာပြီ။ အဲ့ဒီအခါမှ ဖေဖေက ရပ်တန့်သွားတော့တယ်။
" တော်သေးတာပေါ့ "
အမြဲဆေးရုံကို လိုက်လာနေကျဖြစ်တဲ့ ဘတ်ဟျွန်းအတွက် ဒါဘယ်လိုအခြေအနေလဲဆိုတာကို မပြောပြဘဲ သိနေပါရဲ့။ ပြီးတော့ ဖေဖေက နှလုံးအထူးကုဆရာဝန်တစ်ယောက်။ ရွယ်တူလောက်ပဲရှိဦးမယ့် ကောင်လေးက ဒီရောဂါဆိုးကြီး ခံစားနေရတာကိုကြည့်ပြီး ဘတ်ဟျွန်း သနားသွားရတယ်။
ပြီးတော့ ဖေဖေ့စီမံချက်နဲ့ ကောင်လေးကို သီးသန့်ခန်းတစ်ခုထဲ ခေါ်သွားတာမို့ ဘတ်ဟျွန်း နောက်ကနေ တိတ်တိတ်လေး ထပ်လိုက်သွားလိုက်တယ်။ အခန်းထဲမှာ ကောင်လေးကို သေချာနေရာချပေးပြီး သူ့မိဘတွေနဲ့ အတူထွက်လာတဲ့ ဖေဖေက ဘတ်ဟျွန်းကို အခန်းဝမှာ တွေ့တဲ့အခါ အံ့ဩသွားတဲ့ဟန်။
" ဟျွန်းနီးက ဒီကိုလိုက်လာတာလား "
" ဟုတ် "
" အဲ့ဒါဆို ချန်းယောလ်လီကို အဖော်ပြုပြီး ခဏစောင့်ပေးမလား။ ဖေဖေက ဒီဦးဦးတို့နဲ့ စကားပြောစရာရှိလို့ "
" ဟုတ် "
ဖေဖေတို့ထွက်သွားတော့ ဘတ်ဟျွန်း ကောင်လေးရှိရာ အခန်းထဲကို အသံမထွက်အောင် အသာလေးတံခါးဖွင့်ပြီး ဝင်လာလိုက်တယ်။ ကောင်လေးကတော့ အိပ်ပျော်နေတာလား၊ သတိမေ့နေတုန်းလား မသဲကွဲစွာ မျက်ဝန်းအစုံတို့ကို မှေးမှိတ်ထားဆဲ။
- 1 -
Start from the beginning