"ကိုယ် တောင်း ပန် ပါ တယ်။ ကိုယ် ဦးကို ဦးကို မေ့နေ မိခဲ့လို့ တောင်း ပန် ပါတယ်။"

အသံလှိုင်းများမှာ တုန်ယင်လျက်။ ကျောကုန်းပေါ် ကျလာသော မျက်ရည်စက်များကလည်း မိုးသည်းထန်စွာ ရွာနေသည့်နှယ်။ ရင်ချင်း အပ်ထားသဖြင့် လှိုက်ကာ လှိုက်ကာ တက်လာသော လတ်၏ ရင်ထဲတွင် ဘယ်လောက်အထိ ခံစားနေရမလဲ ခန့်မှန်းမိရသည်။

"အဲဒီကိစ္စကြီး ပြီးသွားတော့ ကိုယ့်ခေါင်းကို ထိခိုက်မိလို့ ခွဲစိတ်ခဲ့ရတယ်။ တစ်အိမ်သားလုံးကို မှတ်၊ မှတ်မိပေမဲ့ ဦး တစ်ယောက်တည်းကိုပဲ ကွက်ပြီး ကိုယ် မေ့နေခဲ့တာ။ ဦးကို ဘာလို့များ။ ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်တင်နေခဲ့တာ။"

ရှိုက်ကာ ရှိုက်ကာ ငိုနေသော လတ်က ပီဘိ ကလေးငယ်လေး တစ်ယောက်သဖွယ်။ အတားအဆီးမဲ့စွာ ကျနေသော မျက်ရည်တို့ကို သောင်ယံ့ လက်တွေက အလျင်မှီအောင် သုတ်မပေးနိုင်‌တော့။

မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ကာကိုင်။ တောင်းပန်စကားကိုသာ အကြိမ်ကြိမ် ရွတ်ဆိုနေသော မျက်နှာလေးကြောင့် နှလုံးသားလေးက မီးနှင့်တွေ့သော ‌ဖယောင်းနှယ် ပျော့ပြောင်းနေခဲ့ပြီး ဖြစ်သည်။

"ဦးကို ဒီလိုဘ၀မျိုး နဲ့ ထား၊ ထားခဲ့ပြီး ကိုယ်ကတော့ စကော်လာ တက်ပြီး ပျော်ပျော်ရွှင်ရွှင် နေခဲ့၊ နေခဲ့လို့ ဦးကို ကိုယ် တောင်းပန်"

"တောင်းပန်ပါတယ်။ ဒီလောက် ကြာမှ လာခဲ့မိလို့။ ဒီလောက် အကြာကြီး မေ့နေခဲ့မိလို့။ ဦးကို ကိုယ် တောင်းပန်ပါတယ်။ ကိုယ်က ကတိတွေကို အမြဲ ဖျက်ခဲ့တာ မဟုတ်လားဟင်။ ဦးကို အမြဲ ဒီလိုတွေ ပြောပြီး ထားခဲ့တာ မဟုတ်လားဟင်။"

"ဦး ကိုယ့်ကို မုန်းလား။ မုန်းနေပြီလား။"

အငမ်းမရ မေးနေသည်က ကန္တာရကို ဖြတ်ပြေး၍ ရေဆာနေခဲ့သူလို။ မျှော်လင့်ခြင်းတို့ ပြည့်ဝနေသော မျက်ဝန်းအိမ်တို့မှာ သောင်ယံ့ကို ဒုတိယမ္ပိ၊ တတိယမ္ပိ၊ ဧကဒသမယမ္ပိမက ကျဆုံးစေပါ၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now