"ဘောလုံးကွင်းကြီး လွမ်းလို့ သွားကြည့်တာ။ ပြီးတော့ ကိုယ်တို့ ခြေရာတွေရောပဲ။ ဦးတို့ အိမ်ရှေ့က ဖြတ်တော့ ကြည့်လိုက်သေးတယ်။ ဘယ်လိုလုပ်ပြီး ကြိုရောက်နေတာလဲ။"

"တောင်ပေါ်သွားမှာဆို"

"ဦးပြောမှ သတိရတယ်။ ဟုတ်သားပဲ။"

ဒီမျက်နှာလေးကို မြင်ရတိုင်း အရာအားလုံး မေ့ပျောက်ရသည်ဟု ဆိုလျှင် ငရဲအိုးမှာ ချိုးကပ်တော့မည် ဖြစ်သဖြင့် မြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်ပြလိုက်သည်။ တကယ်တော့ သူ မမှတ်မိ။

"ကွိကွိ ကွိကွိ"

စောင်းတန်းတစ်လျှောက်က မျောက်တွေက သူတို့ကို မြင်တော့ အော်ဟစ်ကာ အစာလိုက်တောင်းကြသည်။ ဦးက သဒ္ဓါပေါက်၍ ကျွေးပြီးသည့်တိုင် ထိုမျောက်များက ဇွဲမလျှော့ဘဲ အနောက်မှ လိုက်လာကြ၏။ ကြာတော့ လွမ်းလတ်နောင် စိတ်မရှည်တော့။ အကောင်း မကြည်နူးရဘဲ တကွိကွိနှင့် သူတို့အသံပဲ နားထောင်နေရသည်။

"အ‌စ်မ သစ္စာပန်း ရှိသေးလား"

"ရှိ‌တယ် မောင်လေး။ ဒီမှာ တစ်စည်းကျန်သေးတယ်။"

ဖြူစွတ်သော ပန်းခိုင်မှာ ကြွင်းရစ်‌သော ရေစက်ကလေးတွေပင် မပျောက်သေး။ သို့သော်လည်း တခြားတခြားသော ဒီထက်လှသည့် ပန်းများ ရှိပါလျက် ဒါကိုမှ ဦးက ဘာကြောင့် ကြိုက်မှန်း မသိပေ။ ဘယ်နေရာသွားသွား။ ပန်းဟူ၍ ရွေးလိုက်လျှင် အရောင်သာ ကွဲသည်၊ သစ္စာပန်းချည်း ဖြစ်နေ၏။

"သစ္စာပန်း အစိမ်းရောင် ရှိတာ သိလား ဦး"

"ဟင့်အင်း"

"ကိုယ်တွေ့ဖူးတယ်။ နောက်ကျ ဦးကို ပြမယ်။ အစိမ်းရောင်က တော်တော်လှတယ်။"

"ခု ပန်းနဲ့ လိုက်ပြီး မနာလိုနေတာလား"

လွမ်းလတ်နောင် ရယ်လိုက်မိတော့၏။ ဒီရှေ့နေက အကုန်သိလှသည်။

"ဘာပြောလို့လဲ။ အစိမ်းရောင် လှတယ်ပြောတာကို။"

"အစိမ်းရောင် အကြောင်း ပြောရုံနဲ့ ဒီအဖြူကို ငါက ထားခဲ့ပါ့မလား။ သူ့ကို ငါ ဝယ်ပြီးပြီလေ။ သူ့ကို အရင်ရွေးခဲ့တာမို့ နောက်အရောင်တွေ ဘယ်လောက်လှလှ ထပ်မရွေးတော့ဘူး။"

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now