သို့သော်လည်း အော်ဟစ်ငိုချင်တာကို ချုပ်တီးထားရသဖြင့် ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်နေသည်။ ဖုံးကွယ်ထားသော ရှိုက်သံများကြောင့် မေးကြောများ ထောင်ထလာရ၏။ ဂျီကောင်လေးကရော ကား၀င်းထဲမှာ ငိုပြီး ကျန်ခဲ့လေမလား။ ရှာဖွေ၍လည်း မကြည့်ချင်။ သူ ငိုနေတာမြင်လျှင် လတ်က ပိုစိတ်ထိခိုက်မှာမို့ ဒီပုံစံကို မပြချင်။

ဘာကြောင့် သူတို့တွေ ဝေးကြရတာလဲ။ အချင်းချင်း ဒီလောက် ချစ်နေကြမှ၊ ဘေးပယောဂတွေလည်း မရှိခါမှ။ ဒီလို ခွဲထွက်စေခြင်းက ဘယ်လို ကံကြမ္မာမျိုးများတဲ့လဲ။

လတ်နှင့်သာဆိုလျှင် သုံးနှစ် မပြောနှင့်၊ သုံးစက္ကန့်မျှပင် မဝေးချင်။ တွယ်တာတတ်လွန်းသူမို့ ဒဏ်ရာတွေကို ထပ်မံ မလိုချင်။

နံဘေးမှာ လှုပ်ရှားသံနှင့် အထုတ်ချသံ ကြားရသည်။ လူရောက်လာပြီမှန်း သိလိုက်ပြီမို့ မျက်နှာကို ပြတင်းပေါက်ဘက်သို့ တမင် လှည့်ကာ လက်ကိုင်ပုဝါနှင့် သုတ်ပစ်လိုက်၏။

လူရှေ့မှာတော့ သောင်ယံဦးက အတန်အသင့် ကြံ့ခိုင်သည် မဟုတ်ပါလား။

"ကိုယ် ထင်သားပဲ။ ဦး ဟန်ဆောင်နေတယ်ဆိုတာ။"

ရှေ့အိတ်ထဲက ရေဘူးကို ဖွင့်ကာ သောက်လိုက်စဥ် နံဘေးရှိ လူဆီမှ အသံ ထွက်လာသည်။ ရောက်လုလု ရေဟာ ပြန်ထွက်သွားရ၏။

"............."

ပြူးကြောင်ကာ ကြည့်နေသော မျက်နှာလေးက အသည်းယားချင်စရာကောင်းလှသည်။ အရှိန် မပြေသေးသော မျက်လုံးလေးတွေက မို့ကာ ဝိုင်းနေပြီး မစေ့သေးသော နှုတ်ခမ်းမှာ ရေစက်လေးတွေ စိုလျက်စ ရှိ‌နေ၏။ ဖွက်ထားသော အိတ်ကို အပြေးအလွှားယူကာ ကားပေါ် တက်ခဲ့ရသဖြင့် လွမ်းလတ်နောင့် ပုံကတော့ ချွေးတွေနှင့် တော်တော် စုတ်ပြတ်နေလောက်ပါသည်။

"ဘယ်လိုလုပ်ပြီး..."

"ဦးကို အိမ်အထိ လိုက်ပို့မလို့"

လွယ်ထားသော ကျောပိုးအိတ်ကို ရှေ့ချလိုက်စဉ်မှာပင် ရင်ခွင်ထဲ ပစ်၀င်လာသော ကိုယ်လုံးလေးကြောင့် ကမန်းကတန်း ဖမ်းထိန်းလိုက်ရသည်။ လည်ပင်းကို ဖက်တွယ်ထားသော လက်ချောင်းများက ခိုင်မြဲလွန်းလှ၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now