" ဒါဖြင့် ကျွန်တော် သွားအုံးမယ်ဗျ ။ စျေးက နေထွက်ရင် ဘာမှရှိတော့မှမဟုတ်ဘူး "

" ဟုတ်ကဲ့ခင်ဗျာ "

ဒီဒေသသည် ဝေးလံခေါင်ပါးသော တောင်ပေါ်ဒေသလေးဖြစ်သည်။ အခု ကျွန်တော်ရောက်နေတဲ့နေရာလေးက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရွာလေးတစ်ရွာပါ။ ဒီရွာလေးက မြို့နဲ့လည်းဝေးပြီး ခေါင်လည်းခေါင်သည်။ စျေးဆိုလည်း ငါးရက်စျေးသာရှိပြီး ရွာသူရွာသားများက တောင်ယာလုပ်ကိုင်ကြသည်။ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်နိုင်သူများပင်ဖြစ်ပြီး တော်ရုံလည်း မဖျားမနာကြ။ ဒါကြောင့် ဒီနေရာလေးမှာ ကျန်းမာရေးမှူးအဖြစ် တာဝန်ကျသည့် ကျွန်တော်ကတော့ မဲဇာတောင်ချေကို ပို့ခံလိုက်ရသလိုပါပဲ။ စရောက်တုန်းကတော့ ဘယ်လိုမှမနေနိုင်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့တော့ အသားကျနေပါပြီ။ အခုလို ကျွန်တော် ဒီဒေသလေးမှာ တာဝန်ထမ်းဆောင်တာ ၃နှစ်ပင်ပြည့်တော့မည်။

အေးချမ်းပြီး တိတ်ဆိတ်တဲ့ ဒီလိုနေရာလေးက လမ်းပန်းဆက်သွယ်ရေးအဆင်မပြေတာကလွဲပြီးလျှပ်စစ်မီးတော့ ရပါသည်။ ဆက်သွယ်ရေးအတွက်ကတော့ ဟိုတစ်နှစ်ကမှ ဖုန်းလိုင်းတွေရတာဖြစ်သည်။ ကျွန်တော် စရောက်ချင်းတုန်းက ကျန်းမာရေးဗဟုသုတ ဘာမှမရှိသည်​့ ဒီရွာလေးက အခုဆို ဆေးရုံငယ်လေးရယ် စာသင်ကျောင်းလေးရယ်ပါ ရှိလာပြီ။ ရွာထိပ်က ကျွန်တော့်အိမ်ကတော့ ရွာလူကြီးဆောက်ပေးတာဖြစ်ပြီး ဆေးခန်းပါ တွဲဖွင့်နိုင်အောင် ၂ထပ်အိမ်လေးဖြစ်သည်။ ဆေးရုံကတော့ ရွာနဲ့ နည်းနည်းလှမ်းတဲ့ မြို့ပေါ်လေးမှာပါ။


ကျွန်တော့်အလုပ်က မနက်ဘက်ဆို ခြံထဲမှာ ပန်းပင်တွေရေလောင်းပြီး နေ့လည်စောင်းဆို ရွာထဲက ကလေးတွေနဲ့ ချောင်းထဲမှာရေဆင်းကူးသည်။ တစ်ခါတစ်ရံ ညနေစောင်းတွေဆို ရွာထဲက ကာလသားတစ်ချို့နှင့် ခြင်းခတ်လေ့ရှိသည်။ ညပိုင်းကတော့ ဖုန်းနဲ့ ရေဒီယိုနားထောင်ရင် နားထောင် ၊ မဟုတ်လျှင် ကော်ဖီလေးတစ်ခွက်နှင့် ကြယ်တွေကြည့်နေတတ်သည်။ ဒီလိုပါပဲ ဒီမှာက ဆေးကုရတဲ့ အချိန်က အလွန်ကိုရှားသည်။ တော်ရုံဖျားနာရုံလောက်နဲ့ ဆေးခန်းမလာကြဘူး။ ဒါကြောင့် ရံဖန်ရံခါမှ ဆေးကုရသည့် ကျွန်တော့်အဖို့ တစ်နေ့တာဟာ သိပ်ကို ပျင်းစရာကောင်းလွန်းပါသည်။



အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now