အပိုင်း( ၄ )

4.1K 305 0
                                    


အခန်းကျဉ်းလေး၏ကုတင်ပေါ်၌ ထိုင်ရင်း သွင်ရိပ် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ သက်ပြင်းချမိသည်။ သွင်ရိပ်နှင့် လက်ထပ်ပေးမည့်သူသည် ကိုကိုဟု သိရတော့ တစ်ဖက်၌ စိတ်သက်သာရာရသလို တစ်ဖက်၌ စိတ်မကောင်းဖြစ်မိသည်။ ဤအခက်အခဲ မည်သို့အဖြေရှာမှ ကျော်လွှားနိုင်မည်လဲ။ သွင်ရိပ်ကိုယ်တိုင်မှာ အားကိုးရမဲ့နေသည်။ ဘွားဘွားက အလှပြင်ပြီး စောင့်နေဆို၍ မလွန်ဆန်နိုင်စွာ စောင့်နေရသည်။
"မြေးလေးရေ အခန်းထဲက ထွက်လာတော့ကွယ်၊ ဒီမှာ သစ်လေးရောက်နေပြီ''
"ဟုတ်ကဲ့ဘွားဘွား''
သွင်ရိပ် အခန်းထဲမှ ထွက်လာတော့ ကိုကိုက ပြုံးပြီး ရပ်စောင့်နေလေသည်။
"ဒီနေ့လက်စွပ်သွားဝယ်မှာမဟုတ်လားကွယ်''
ဝှီးချဲပေါ်ထိုင်နေသည့်ဘွားဘွားက ကိုကို့ကို လှည့်ပြောတော့ ကိုကိုက ခေါင်းညိတ်သည်။ ဘွားဘွားက သွင်ရိပ်ကို သိပ်စိတ်ချနေပုံရ၏။ ယုံယုံကြည်ကြည် အပ်နှံနေသည်။
"အေကွယ်၊ ကားကို ဂရုစိုက်မောင်းကြဦး”
"ဟုတ်ကဲ့အဘွား၊ လာသွင်ရိပ် ကိုကိုတို့သွားရအောင်''
ကိုကိုက လက်လှမ်းတော့ သွင်ရိပ်ခဏတုံ့ဆိုင်းနေပြီးမှ ကိုကို့လက်ကို အားကိုးတကြီး ဖမ်းဆုပ်လိုက်သည်။
"ဘွားဘွား၊ သွင်ရိပ်သွားတော့မယ်နော်''
ဘွားဘွားက ကျေနပ်သဘောကျစွာခေါင်းညိတ်တော့ ကိုကိုနှင့်သွင်ရိပ် အိမ်ထဲမှ ထွက်လာသည်။ ကားပေါ်တွင် ကိုကိုက ပုံမှန်အတိုင်း ကားကို တည်ငြိမ်စွာမောင်းနေသည်။ သို့သော် စိတ်တို့မှာ လွင့်နေ၏။ မကြာမကြာ နှာတရှုံ့ရှုံ့လုပ်နေ၏။
"ဘွားဘွားပြောတာ ဘာလို့လက်ခံလိုက်တာလဲ၊ ကိုကို့မှာ ချစ်သူရှိတယ်လို့ ဘာလို့ ဘွားဘွားကို မပြောပြတာလဲ၊ သွင်ရိပ်အတွက် တွေးပေးနေတာဆိုရင် ရပ်လိုက်ပါတော့၊ သွင်ရိပ်ထွက်သွားမယ်''
ကိုကိုက သွင်ရိပ်ပြောသမျှ လက်မခံနိုင်စွာ ခေါင်းခါသည်။
"သွင်ရိပ်ဘယ်ကိုမှထွက်မသွားရပါဘူး၊ ကိုကိုရှိတယ်လို့ပြောထားတယ်မဟုတ်လား”
"ဒါပေမဲ့ ကိုကို့မှာ ချစ်သူရှိတယ်လေ၊ သွင်ရိပ် ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်တော့ဘူး”
"ကိုကို့မှာ ချစ်သူရှိတယ်ဆိုတာ အမည်ခံပဲ၊ သူက ကိုကို့ကို ဘယ်တုန်းကမှ အထင်မကြီးဘူး၊ ဘယ်တုန်းကမှလည်း ချစ်သူလိုသဘောမထားဘူး၊ သူ့ခေါင်းထဲမှာ သူ့ရဲ့မာနသိက္ခာအတ္တတွေပဲရှိတယ်၊ သူ့ဘဝမှာ ကိုကိုက အရေးမပါဘူး’’
ကိုကိုက ပြောနေရင်း မျက်ရည်တွေကျနေသည်မို့ သွင်ရိပ်စိတ်မကောင်းစွာ ငေးကြောင်ကြည့်နေမိသည်။
"သူ့ရဲ့အကျင့်စရိုက် ယူဆချက် ခံယူချက်တွေက ကိုကိုနဲ့ ဘာတစ်ခုမှ ကိုက်ညီမှုမရှိဘူး၊ သူ့ဘဝမှာ ကိုကိုမရှိလည်း အဆင်ပြေတယ်၊ ဒါကြောင့် ကိုကို သူ့ကို သိပ်ချစ်ပေမဲ့ လက်လျှော့လိုက်ပြီ''
သွင်ရိပ် ကိုကို့ကို ဂရုဏာသက်စွာကြည့်ရင်း ပင့်သက်ရှိုက်မိသည်။
"သွင်ရိပ်စိတ်ချပါ၊ ကိုကို သွင်ရိပ်ကို လက်ထပ်မှာ မှန်ပေမဲ့ ညီမလေးလိုမျိုး ဖြူဖြူစင်စင်စောင့်ရှောက်သွားမှာပါ၊ သွင်ရိပ်က ကလေးပဲရှိသေးတာ ကိိုကိုနားလည်တယ်”
"ကျေးဇူးတင်ပါတယ်ကိုကို”
ကိုကိုက သွင်ရိပ်ခေါင်းကို ဖွဖွပုတ်ပြီး မျက်ရည်သုတ်ကာ ရှေ့ပြန်အာရုံစိုက်နေလေသည်။ သွင်ရိပ် စိတ်ထဲ၌ ကိုကို့ကို အကြိမ်ကြိမ်ကျေးဇူးတင်နေမိလေသည်။
သွင်ရိပ်က နှင်းဆီပန်းဆိုရင် ကိုကိုက သွင်ရိပ်အတွက် အန္တရာယ်ဟူသမျှကာကွယ်ပေးမဲ့ နှင်းဆီဆူးပဲ။ သွင်ရိပ်က နေကြာပန်းဆိုရင် ကိုကိုက သွင်ရိပ်ကို ရှင်သန်ဖို့ စွမ်းအင်ပေးတဲ့ နေမင်းကြီးပါပဲ။ ကိုကိုက သွင်ရိပ်အတွက် heroတစ်ယောက်ပါ။
~
စနေထောင့်၌ ပန်းများ ကပ်လှူပူဇော်သည်။ ကျက်သရေအဖြာဖြာပြည့်စုံတော်မူသော စေတီတော်မြတ်ကို လက်အုပ်ချီဦးခိုက်ကန်တော့သည်။ လေအဝေ့၌ စေတီတော်ရှိ ခေါင်းလောင်းသံချိုချိုမှာ နားအေးမြစေသည်။ မှူး ကြည်ညိုစွာ ဖူးမြှော်ရင်း ပခုံးတင်ပဝါဖြူကို အသာဖိကာ ထရပ်လိုက်သည်။ ဘုရားရင်ပြင်ပေါ်ရပ်ရင်း ဟိုဟိုဒီဒီကြည့်တော့ သူငယ်ချင်းယမင်းဖြူသည် အလှူခံပုံးထားသည့်နေရာမှ လက်လှမ်းပြနေသည်။ မှူး ယမင်းဆီသို့ လျှောက်သွားပြီး အလှူခံပုံးထဲသို့ အလှူငွေထည့်လိုက်သည်။
"ဘုရားရှိခိုးတာ အကြာကြီးနော်၊ ဘာတွေဒီလောက်တောင်ဆုတောင်းနေတာလဲ”
မှူးတို့ ခေါင်းလောင်းထိုးရန်နေရာသို့ အတူလျှောက်လာတော့ ယမင်းက ပြီတီတီပြုံးကာ ပြော၏။
"ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ငါဖြစ်ချင်တာတွေ ငါလိုချင်တာတွေကို ကြိုးစားမယူတော့ဘူး၊ ဘုရားမှာပဲ နေ့နေ့ညညထိုင်ဆုတောင်းနေတော့မှာပေါ့”
ယမင်းက မှူးကို မကျေနပ်သလိုကြည့်သည်။ မှူး ခေါင်းလောင်းသုံးချက်ထိုးကာ ပြုပြုသမျှကုသိုလ်များ သာဓုခေါ်လိုက်သည်။ ပြီးတော့ မှူးတို့ ဗုဒ္ဓဝင်ယဥ်ကျေးမှုပြတိုက်ထဲဝင်၍ ကြည့်ရှုကြသည်။
"ဘုရားလာတာ ဘာလို့နေ့သစ်ကို တစ်ခါတည်းမခေါ်ရတာလဲ၊ နင်အားတဲ့အချိန်က ခပ်ရှားရှားမို့လား”
"ငါတို့ရန်ဖြစ်ထားတယ်”
"ရန်ဖြစ်တယ်၊ သူ့ဘက်က ဖုန်းမဆက်ဘူးလား”
"အေး ထူးဆန်းတယ်နော်၊ မောင် ငါ့ကိုဖုန်းမဆက်တာ သုံးရက်ရှိပြီ”
"သူမဆက်ရင် နင်ဆက်လိုက်ပေါ့”
"နေစမ်းပါဟာ၊ မဆက်ပါဘူး၊ သူနေနိုင်လို့ နေတာပဲ၊ နေပလေ့စေ၊ တစ်ခါအလျှော့ပေးရင် အမြဲအလျှော့ပေးနေရမှာပေါ့”
မှူး ဘုရားဇာတ်တော်များကို ပန်းချီ ပန်းပုများပြုလုပ်ထားသော ဗုဒ္ဓယဥ်ကျေးမှုများကို ပတ်ကြည့်သည်။ ပြတိုက်ထဲမှ ပြန်ထွက်လာတော့ နေလုံးမှာ အပေါ်သို့ ရောက်လုပြီ။ ဘုရားဇောင်းတန်းတွင် ဌက်များ ရောင်းနေသော ကလေးတစ်ဦးကို တွေ့သည်။ လှောင်အိမ်ထဲမှ ဌက်ကလေးများကို ကြည့်ကာ အချုပ်အနှောင်ခံခဲ့ရသောအတိတ်မှာ ရေးရေးပေါ်လာ၏။ နီဆွေးဆွေးနှုတ်ခမ်းမှာ မဲ့ကျသွားသည်။ ဌက်ကလေးများအားလုံးဝယ်၍ ကောင်းကင်ပေါ်၌ လွတ်လပ်စွာ ပျံသန်းနိုင်ရန် လွတ်ပေးလိုက်သည်။ ဌက်ကလေးများ ပျံသန်းသွားကြခြင်းကို ကြည့်ရင်း မှူး လေးနက်စွာ ဆုတစ်ခုတောင်းမိသည်။ မှူး၏မောင်လေးလည်း ဌက်ကလေးများလို အနှောင်အဖွဲ့မှ ထာဝရကင်းလွတ်စေရန်ဖြစ်သည်။ မှူးတို့ ဘုရားဇောင်းတန်းမှ ဆင်းလာခဲ့ကြသည်။ ယမင်းက မှူးလက်ကို တွဲချိတ်ထား၏။
"ငါတို့ ဗေဒင်ထပ်ကြည့်ကြမလားမှူးရဲ့၊ တခြားဗေဒင်ဆရာမှာ ဟိုဆရာပြောတာမှန်မမှန်သိရအောင်''
"နင်ဗေဒင်တော်တော်ရူးတာနော်ယမင်း၊ ဗေဒင်ဆိုတဲ့သဘောက အတိတ်ကိုပဲ မှန်ကန်အောင်ဟောနိုင်တာ၊ အနာဂတ်ကိုတော့ ကုသိုလ်ကံ အကုသိုလ်ကံနဲ့လိုက်ပြီး အချိန်မရွေးပြောင်းလဲပစ်နိုင်တယ်''
"နင်ပြောတာမှန်တော့မှန်ပါတယ်၊ ဒါပေမဲ့ ဗေဒင်ဆိုတာ ဟိုးမြတ်စွာဘုရားရှင်လက်ထက်ကတည်းက
ပေါ်ပေါက်ခဲ့တဲ့ပညာရပ်တစ်ခု ဒါတွေက မှန်ကန်တာပဲ၊ ကြိုသိထားတော့ နင်ပြောသလို ကုသိုလ်အကုသိုလ်နဲ့လိုက်ပြီး ပြင်ဆင်ထားလို့ရတာပေါ့ဟယ်’’
မှူး ကားပါကင်ထိုးထားသည့်နေရာသို့ သွက်လက်စွာ လျှောက်လာခဲ့သည်။ ဗေဒင်ကြည့်ရန် ဆန္ဒမရှိ၍ ယမင်းကို ဤအကြောင်း ထပ်မပြောတော့ပေ။ ယမင်းက မှူးရှေ့မှ ကွယ်၍ မောင်းသူနေရာကြိုဝင်ထိုင်လိုက်သဖြင့် မှူး ဘေးတွင် ထိုင်လိုက်သည်။ ပခုံးပေါ်တင်ပဝါဖြူကို ခေါက်သိမ်းပြီး လက်ဆွဲအိတ်ထဲ ထည့်လိုက်သည်။
"မှူး ငါတို့ shopping ထွက်ကြမလား”
"သဘောလေ၊ နင့်ကလေးတွေကို စိတ်ချတယ်ဆိုရင်ပေါ့''
ယမင်းက ကားစက်နိုးရင်း ကားကို ကျွိခနဲ မောင်းထွက်လာသည်။
"စိတ်မချစရာဘာရှိလဲ၊ အမေ့ဆီမှာ အပ်ထားခဲ့တာပဲ၊ အခုတလော တက္ကသိုလ်တက်တုန်းက အချိန်တွေ သိပ်သတိရတာပဲမှူးရယ်၊ ပုဂံလမ်းမှာ စောင့်နေမယ်ဆိုပြီး လမ်းလွဲသွားတဲ့ အချစ်ဦးမောင့်ကိုလည်း ပြေးမြင်မိတယ်၊ ကိုထက်နဲ့ ညားမယ်လို့ ဘယ်ထင်မလဲ၊ ငါတို့ တကယ်ပျော်ခဲ့ကြတာနော်”
ယမင်းက စိတ်ရှိရာ အကုန်ပြောရင်း ရေဒီယိုမှ လွင့်သည့်သီချင်းလိုက်ဆိုနေသည်။ သီချင်းမှာ တက္ကသိုလ်သီချင်းဖြစ်နေတော့ ယမင်းမှာ လွမ်းမပြီးနိုင်။ မှူး ဘာမှဝင်မပြောသလို လွမ်းစိတ်လည်းမရှိ။ မှူးအတွက် တက္ကသိုလ်ကျောင်းသူဘဝနေ့စွဲများသည် သာမန်နေ့စွဲများလို ထူးခြားမှုမရှိနေ။ ကုန်တိုက်ရောက်တော့ ကားပါကင်ထိုး၍ မှူးတို့ စျေးဝယ်ထွက်လာသည်။ ကုန်တိုက်ထဲ ပတ်ကြည့်ရင်း အကြိုက်တွေ့လျှင် ဝယ်ကြသည်။ နက်ခ်တိုင်ရောင်းသည့်ဆိုင်ရှေ့ရောက်တော့ စိတ်ကူးပေါက်လာသဖြင့် အဆင်နှင့်အရောင်များ ရွေးမိသည်။
"အံမယ် ပြောတော့ဖြစ် မချစ်သလိုလိုဘာလိုလိုနဲ့ အခုတော့ နက်ခ်တိုင်ဝယ်ပေးပြီး ချော့တော့မယ်ပေါ့''
"ဘာမှချော့ဖို့မဟုတ်ဘူး၊ သူ ငါ့ကိုနာရီဝယ်ပေးထားတော့ ငါလဲ ကြုံတုန်း အစားပြန်ဝယ်ပေးမလို့”
ယမင်းက မှူးကို မျက်စောင်းလှည့်ထိုးပြီး ဆရာမကြီးစတိုင်ဖြင့် လက်ပိုက်သည်။
"ချစ်လို့ လက်ဆောင်ဝယ်ပေးတယ်ပြောရင် နင့်ကို ကျားကိုက်မှာမို့လား၊ မိမှူး နင်စကားကို အဲလောက်ထိ
နားဝင်ချိုအောင် မပြောစမ်းပါနဲ့ဟယ်”
မှူး ယမင်းကို ပြိုင်မပြောတော့။ ကြက်သွေးရောင်နှင့်အဖြူရောင်စပ်ထားသည့် အစင်းကြားနက်ခ်တိုင်ကို
ရွေးဝယ်ပြီး ဆိုင်ထဲမှ ထွက်လာသည်။
"ရှေ့နားက ဟတ်ယိုင်ဆိုင်မှာ မုန့်စားရအောင်၊ ငါဝယ်ကျွေးမယ်’’
“တကယ်နော်၊ ငါလဲ ဗိုက်ဆာနေတာ၊ နင့်ကို မပြောရဲလို့''
ယမင်းက မှူးလက်ကို တွဲကာ ဝမ်းသာအားရထပြောသည်။ မှူးတို့ ထိုင်းစားသောက်ဆိုင်၏ လူရှင်းသည့်စားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်ကြသည်။ စားပွဲထိုးက ထိုင်းစာ menuလာပြသဖြင့် စားစရာများ မှာသည်။
"မှူး နင်ဘယ်တော့လက်ထပ်မှာလဲ၊ ငါတို့အဖွဲ့မှာ အပျိုဆိုလို့ နင်ပဲကျန်ပြီသိရဲ့လား’’
"တစ်နေ့နေ့ပေါ့၊ လောလောဆယ်တော့ လက်ထပ်ဖို့ မတွေးနိုင်သေးပါဘူး”
"နင်က နေ့သစ်ကို လက်ထပ်ဖို့ထိတွေးထားတာလား၊ သူက ယောက်ျားလိုဝတ်စားပြင်ဆင်ထားပေမဲ့ နင်တို့ငါတို့လို မိန်းမပဲ၊ အသိုင်းအဝိုင်းကြီးထဲက မဟုတ်တဲ့အပြင် တစ်ကောင်ကြွက်ဆိုသလို ဘဝကို လွပ်လွပ်လပ်လပ်ဖြတ်သန်းနေတဲ့သူ နင်တို့ အဆင့်အတန်းချင်း ကွာလွန်းတယ်၊ ငါ့အမြင်ပြောရရင် နင့်ဒယ်ဒီကလက်ခံမှာမဟုတ်ဘူး’’
မှူး ယမင်းကို မကြည်စွာ ကြည့်လိုက်သည်။
“မောင့်ကို လက်ထပ်ဖို့ ငါက ဘာလို့ဦးမင်းသော်ရဲ့ခွင့်ပြုချက်ယူရမှာလဲ၊ ယမင်း ငါသိနေတယ်၊ နင် ငါ့အကြောင်းတွေ ဦးမင်းသော်ကို သွားပြောပြပြီး သူလျှိုလုပ်နေတာ မပြောချင်လို့”
ယမင်းက မချိုမချဉ်ပြုံးပြသဖြင့် မှူးမျက်စောင်းထိုးလိုက်သည်။
"နင်သိနေတာလား၊ သူလျှိုလို့တော့ ရက်ရက်စက်စက်မပြောလိုက်ပါနဲ့မှူးရယ်၊ ငါ မာဖီးယားဂိုဏ်းဝင်တို့ဘာတို့ မဟုတ်ရပါဘူး၊ နင့်ကို အရင်လိုချမ်းချမ်းသာသာနေစေချင်ရုံပါ”
မှူး ယမင်းကို စိတ်ပျက်စွာ ကြည့်လိုက်သည်။
"ငါက ဦးမင်းသော်ကို မှီခိုမှ ချမ်းချမ်းသာသာနေရမှာလား၊ ငါ့အရည်အချင်းနဲ့ငါကြိုးစားပြီး ချမ်းသာအောင်လုပ်ပြမယ်၊ နင်စောင့်ကြည့်နေလိုက်’’
"ဟုတ်ပါပြီဒေါ်မာနခဲရယ်၊ နင့်နာမည်ကိုလေ တေးယစ်မှူးအစား မာနခဲလို့သာပြောင်းလိုက်တော့”
ယမင်းက စားပွဲထိုးလာချပေးသည့် ထိုင်းစာများကို ရှူးရှူးရှဲရှဲ အားပါးတရငုံ့စားနေတော့သည်။ မှူး juiceသောက်ရင်း ဆိုင်အပြင်သို့ အကြည့်ပို့မိသည်။ မှူးက အပြင်ဘက်သို့ မျက်နှာမူထိုင်နေသည်မို့ ကုန်တိုက်တွင် ဈေးဝယ်ရန်သွားလာနေကြသူများကို ဆိုင်အတွင်းဘက်မှတစ်ဆင့် အထင်းသားမြင်သည်။ ထိုင်းစားသောက်ဆိုင်၏အရှေ့ဘက်တွင် ရွှေဆိုင်ရှိသည်။ ၎င်းရွှေဆိုင်သို့ နေ့သစ်နှင့်ကောင်မလေးတစ်ဦး လက်ချင်းတွဲကာ ဝင်သွားကြသည်။ ကြက်ခြေထောက်ထောင်းမှာ ညှပ်ထားသောတူမှ ပြုတ်ကျသွားသည်အထိ မှူးအံ့ဩနေမိသည်။ နေ့သစ်ဘေးမှ ကောင်မလေးကို စူးစမ်းကြည့်လိုက်သည်။ ပခုံးကျော်ကျော်ဆံပင်၌ ယုန်ဘီးကုတ်ပန်ထားပြီး အဝါနုရောင်ဒူးပေါ်ဂါဝန်တို ဝတ်ထားသည်။ မျက်နှာမှာ ပန်းလေးသဖွယ် နုဖတ်နေပြီး အသက်ပြည့်ရဲ့လားမသေချာ။ နေ့သစ်နှင့် ယှဥ်တော့ အရပ်ချင်း အလွန်ကွာနေသည်။
"ယမင်း မောင့်ကို ဖုန်းဆက်ကြည့် မောင်ဘာလုပ်နေလဲ ဘယ်သူနဲ့ရှိနေလဲ ငါအခုသိချင်တယ်''
မှူးလေသံမှာ မာဆတ်ဆတ်ဖြစ်နေသည်မို့ ယမင်းက အထွန့်မတက်ဘဲ ချက်ချင်းဖုန်းဆက်ပေးသည်။ နေ့သစ်က ရွှေဆိုင်ထဲမှ ထွက်လာ၏။ ခပ်လှမ်းလှမ်းတွင် ဖုန်းရပ်ပြောနေသဖြင့် မှူး မျက်တောင်မခတ်တမ်း ကြည့်နေလိုက်သည်။
"ဟယ်လိုကိုနေ့သစ်၊ ကျွန်မက မှူးသူငယ်ချင်းယမင်းဖြူပါ၊ ဟိုလေ ကိုနေ့သစ်ဘယ်မှာလဲ ဘာလုပ်နေလဲမသိဘူး”
"....”
"သြော် ဘာမှမဟုတ်ပါဘူး၊ မှူးက အခုလာတွေ့နိုင်မလားဆိုပြီးမေးခိုင်းလို့’’
နေ့သစ်က ဖုန်းခဏပြောပြီး ရွှေဆိုင်ထဲ ပြန်ဝင်သွားသည်။ မှူး ဆက်တိုက်ကြည့်နေ၏။
"မှူး နေ့သစ်က အခုstudioမှာ မအားဘူးတဲ့၊ ညနေမှ နင့်ကို လာတွေ့မယ်ပြောတယ်''
"ဘာ! studioမှာဟုတ်လား”
"အေးလေ၊ ဘာဖြစ်လို့လဲ’’
မှူး နေ့သစ်ကို ကြည့်နေရာမှ အကြည့်လွဲပစ်ရင်း နက်ခ်တိုင်ဘူးကို ယမင်းရှေ့တိုးပေးလိုက်သည်။
"နင်ပဲ ပေးလိုက်တော့၊ ငါပေးရင် အဲကောင်ကို ပါးချမိလိမ့်မယ်”
မှူး ကျသင့်သည့်ငွေကို စားပွဲပေါ်ချထားခဲ့ပြီး ဆိုင်ထဲမှ စိတ်တိုစွာထွက်လာသည်။ ယမင်းက
ဘုမသိဘမသိဖြင့် ပြေးလိုက်လာလေသည်။
မထင်ခဲ့ဘူး။ မောင်က လိမ်ညာတတ်လိမ့်မယ်လို့။ မှူးကို သစ္စာဖောက်ဖို့မကြိုးစားပါနဲ့။ မောင် နောင်တအကြီးကြီးရလိမ့်မယ်။
~
ရိုက်ကူးထားသော အလှဓာတ်ပုံများကို ကြည့်ရန် ဖိုင်တွဲများ နေ့သစ်ရှာသည်။ အကြည့်များမှာ ကွန်ပျူတာမျက်နှာပြင်ပေါ် ပြေးလွှားနေ၏။ ဆိုင်ထဲ လူဝင်လာတော့ နေ့သစ်မျက်ခွံပစ်ကြည့်လိုက်သည်။ Customerမဟုတ်ဘဲ မှူး၏သူငယ်ချင်းယမင်းဖြူကို တွေ့လိုက်၍ မလာစဖူးမို့ အံ့ဩသွားသည်။
"မယမင်းပါလား၊ ဘာကိစ္စများရှိလို့လဲမသိဘူး”
ဧည့်ထိုင်နေရာဆိုဖာသို့ ဦးဆောင်ခေါ်လာလိုက်သည်။
"ကျွန်တော် ကော်ဖီယူပေးမယ်၊ ခဏနော်''
"ရပါတယ်၊ ကျွန်မမသောက်တော့ဘူး၊ ပေးစရာရှိလို့လာခဲ့တာ”
နေ့သစ် မျက်ခုံးအပေါ်မြင့်တက်လျက် ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။ ယမင်းဖြူက နေ့သစ်ကို ခပ်တန်းတန်းဆက်ဆံနေသဖြင့် သိပ်ဘဝင်မကျ။ စက္ကူတစ်အိတ် အကြောင်းမဲ့ပေးလာသည်။ နေ့သစ် ယူဖွင့်ကြည့်လိုက်သည်။ ဘူးထဲတွင် ကြက်သွေးနှင့်အဖြူစင်းကြားနက်ခ်တိုင်သည် သေသပ်နေ၏။
“မှူးပေးခိုင်းလိုက်တာ၊ ရှင့်အတွက် လက်ဆောင်တဲ့”
မှူးက နေ့သစ်အတွက် လက်ဆောင်ပေးတယ်ဟူသောစကားမှာ သိပ်အံ့အားသင့်ရပြီး မျက်ရည်ဝဲစေသည်။
"မှူးမသိသေးဘူး ရှင်တခြားသူနဲ့လက်ထပ်မှာ၊ ကျွန်မတောင် ကိုထက်အဘွားက မင်္ဂလာဆွမ်းကျွေးလာဖိတ်လို့ ခုနလေးတင်သိရတာ၊ ယုံတောင် မယုံနိုင်ဘူး”
"မှူးကို တောင်းပန်တယ်လို့ပြောပေးပါ''
ယမင်းဖြူက နေ့သစ်ကို စိတ်ပျက်စွာ ကြည့်နေပြီးမှ ကောက်ခါငင်ခါထရပ်သည်။ နေ့သစ် အားနာမျက်နှာပူစွာ ပြန်ကြည့်နေမိသည်။
"ရှင်ကိုယ်တိုင်ပြောသင့်တယ်၊ ရှင်မပြောရဲဘူးဆိုရင် ဒီလမ်းကို မရွေးခဲ့သင့်ဘူး၊ ကျွန်မသူငယ်ချင်းကို
ရှင် ဒီလိုမလုပ်သင့်ဘူး၊ သူ ရှင့်ကို အများကြီးမျော်လင့်ထားတာ''
"မှူး ကျွန်တော့်ကို မချစ်ဘူး”
နေ့သစ် ထရပ်၍ ဤစကားတစ်ခွန်း နာကျင်စွာ ပြောမိသည်။ နေ့သစ်အချစ်မှာ မှူးအတွက် အသုံးမဝင်သည့် အမှိုက်တစ်စလို တန်ဖိုးမဲ့နေ၍ ရင်နာမဆုံးပါ။
“ဘယ်သူပြောလဲ၊ မှူးက ရှင့်ကို မချစ်ဘူးလို့ သူက အချစ်ကိုမဖော်ပြတတ်တာ သူ့စိတ်ထဲမှာ အရမ်းချစ်ပြရင် ပစ်ချခံရမယ်လို့မှတ်ထားတာ၊ ဘာလို့ဆို သူ့အမေက သူ့အဖေကို အရမ်းချစ်ပြမိလို့
မယားငယ်ထားခံခဲ့ရတာ၊ ဒါကို ရှင်က''
ယမင်းဖြူက ပြောနေတာရပ်ပြီး သက်ပြင်းဟင်းခနဲချသည်။
‘’အခုမှ ရှင့်ကို ပြောပြလဲ ဘာမှထူးမှာမှမဟုတ်တော့တာ၊ သွင်ရိပ်ကို ဂရုစိုက်ပေးဖို့ပဲ တောင်းဆိုချင်တယ်၊ မှူးက ရှင့်လုပ်ရပ်ကို ခွင့်လွတ်ပေးနိုင်ပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်”
ယမင်းဖြူထွက်သွားတော့ နေ့သစ်ကျောက်ရုပ်လိုရပ်နေမိရာမှ ပြန်ထိုင်ချလိုက်သည်။
~
လက်ထပ်စာချုပ်တွင် လက်မှတ်အပြန်အလှန်ထိုးကာ သွင်ရိပ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။ အသိသက်သေများလက်မှတ်ထိုးပြီးတော့ ရှေ့နေကြီးက
လက်ထပ်စာချုပ်နှစ်ခုကို ပြန်လည်စစ်ကြည့်သည်။ ယခုအချိန်ကစ အကြင်လင်မယားဖြစ်သွားပါပြီဟု ပြောလာတော့ သွင်ရိပ်မှာ ဤစကားကို လက်ခံရန် အတော်စိမ်းသက်နေသည်။ မိမိကိုယ်ကိုယ် အိမ်ထောင်သည်ဟု မည်သို့မျှ မခံစားရ။ ကိုကိုလည်း သွင်ရိပ်နည်းတူဖြစ်မည်ထင်၏။ ရှေ့နေကြီးက လက်ထပ်စာချုပ်နှစ်ခု သွင်ရိပ်တို့ တစ်ယောက်တစ်ခုစီသိမ်းထားရန်ပြောကာ ဆုတောင်းပေးသည်။
လက်ထပ်ပွဲကို အသိရှေ့နေနှင့် တရားရုံးတွင် လက်မှတ်ထိုးသည်။ ဘုန်းကြီးကျောင်းတွင် ဆွမ်းကျွေးတရားနာလိုက်သည်။ သွင်ရိပ်ကိုယ်တိုင် ကိုကို့ကို အစ်ကိုတစ်ယောက်လို အစ်မတစ်ယောက်လိုမျိုးသာ ချစ်သည်မို့ အပေါ်ယံခမ်းနားမှုများအစား လွယ်လွယ်အဆုံးသတ်ရန် ပြောတော့ ကိုကိုကလည်း လက်ခံခဲ့သည်။ ဘွားဘွားက သွင်ရိပ်ကို စိန်ရွှေအများကြီး
လက်ဖွဲ့သည်။ လက်ထပ်ပြီးဖြစ်၍ ကိုကို့အိမ်တွင် သွားနေရမည်မို့ ဘွားဘွားကို ပြုစုခွင့်မရတော့။ မေမေမြင့်မာချိုနဲ့မမရတီချိုကတော့ တရားရုံးကို မလိုက်သလို ဆွမ်းကျွေးပွဲကိုလည်း မလာခဲ့ပါ။ ကြိုသိနေလျက် သွေးသားအရင်းများ၏ဥပက္ခာပြုမှုကြောင့် သွင်ရိပ်နာကျင်ရသည်။
ကိုကို့အိမ်သည် ဘွားဘွားတို့အိမ်နှင့် အတော်ဝေးသည်။ သွင်ရိပ်ရောက်တော့ ပထမဆုံးမြင်ရသည်မှာ ခြံအကျယ်ကြီးထဲ၌ အပြာရောင်ဆေးသားခြယ်ထားသည့် တစ်ထပ်တိုက်ပုကလေးဖြစ်သည်။ အိမ်ဆောက်ထားသည့်ပုံစံမှာ သေးသေးလေးဖြင့် ချစ်ဖို့ကောင်းလွန်း၍ သွင်ရိပ်သဘောကျသည်။ ဤရပ်ကွက်၌ အိမ်အများစုမှာ အလှမ်းဝေးကြသည်မို့ မဆူညံဘဲ နေ့ခင်းဘက်တောင် တိတ်ဆိတ်နေသည်။ အိမ်ထဲ၌ ပစ္စည်းများမှာ နေရာတကျရှင်းလင်းကာ ပြတင်းပေါက်မှ လေတဖြူးဖြူးတိုက်သဖြင့် အေးချမ်းနေသည်။
“ကိုကို့အိမ်လေးက သိပ်ချစ်ဖို့ကောင်းတာပဲ”
ကိုကိုက သွင်ရိပ်ကို အိမ်ထဲ လှည့်ပတ်ပြပေးတော့ သွင်ရိပ်ပတ်ကြည့်ရင်း ပြောမိသည်။
"ဒီအခန်းက သွင်ရိပ်နေရမဲ့အခန်းပဲ”
"ဟင်! ဒါဆိုကိုကိုကရော”
"ကိုကိုက ဘေးအခန်းမှာ အိပ်မှာလေ၊ ဘာပဲပြောပြော ကိုကိုက အလုပ်မှာ အိပ်တာများပါတယ်''
"ကိုကို့ကိုကျေးဇူးတင်ပါတယ်''
ကိုကိုက ရယ်ပြီး သွင်ရိပ်ဆံပင်တွေကို ဆွဲဖွသည်။
"ဒီကောင်မလေးကတော့ ကျေးဇူးပဲ အမြဲတင်နေတာ၊ ပါးစပ်က ကျေးဇူးတင်မဲ့အစား စားကောင်းတာလေးတွေ နေ့တိုင်းချက်ကျွေးသင့်တယ်''
"စားကောင်းတာက ချက်ကျွေးမှာပါ၊ ဆံပင်တွေတော့ ဆွဲမဖွနဲ့လေ ဆိုင်မှာတောင် ပြင်ထားရတာ ပွကုန်ပါပြီ''
ကိုကိုက တဟားဟားအော်ရယ်ပြီး သွင်ရိပ်ပစ္စည်းများကို အခန်းထဲ သယ်ပေးသည်။
"မနက်ဖြန်ကျရင် သွင်ရိပ်ကို ကိုကိုကားမောင်းသင်ပေးမယ်၊ ဒါမှ သွင်ရိပ် ကိုကို အလုပ်မအားတဲ့အခါကျ
ကိုယ်သွားချင်တဲ့နေရာသွားလို့ရတာပေါ့''
သွင်ရိပ် မျက်နှာရှုံ့မဲ့ပစ်လိုက်သည်။
"မသင်ချင်ဘူး၊ သွင်ရိပ်ကြောက်တယ်ကိုကို၊ ရန်ကုန်မှာ ကားတွေ ရှုပ်ကရှုပ်နဲ့ တိုက်မိရင် ဘယ်လိုလုပ်မလဲ၊ သွင်ရိပ်ကြောက််တယ်”
"မတိုက်မိအောင် မောင်းပေါ့ဗျာ၊ မသင်လို့တော့မရဘူး''
ကိုကိုက သွင်ရိပ်ပစ္စည်းအားလုံး အခန်းထဲထည့်ပေးပြီးသည်နှင့် ခါးကို ဘယ်ညာလှည့်ကာ အကြောဆန့်ရင်း လေ့ကျင့်ခန်းလုပ်နေသည်။
"သွင်ရိပ်နားလိုက်တော့လေ၊ ကိုကိုလဲ ရေချိုးတော့မယ်၊ ညနေကျမှ အပြင်ထွက်ပြီး တစ်ခုခုစားရအောင်''
"ဟုတ်ကဲ့ကိုကို”
သွင်ရိပ် အခန်းထဲဝင်လာပြီး တံခါးပြန်ပိတ်လိုက်ကာ မြန်မာအဝတ်အစားချွတ်ပြီး လွပ်လပ်သည့်
တီရှပ်နဲ့ဘောင်းဘီတို လဲဝတ်လိုက်သည်။ ကုတင်ပေါ်၌ သက်သောင့်သက်သာ အိပ်လိုက်သည်။
~
လချုပ်စာရင်း စာရွက်စာတမ်းများ ပရင့်ထုတ်၍ မိတ္တူကူးကာ မှူး စားပွဲ၌ ထိုင်လိုက်သည်။ ဝန်ထမ်းများမှာ မှူးကို ကွက်ကြည့်ကွက်ကြည့်ဖြင့် တီးတိုးပြောနေကြသည်။ သတိထားမိသော်လည်း ဂရုမစိုက်မိပေ။ သူတို့အကျင့်မှာ အမြဲဤပုံစံပဲမို့ မမြင်ချင်ယောင်ဆောင်ကာ ဆောက်လုပ်ရေးဆိုဒ်သို့ ထွက်လာသည်။ ဆောက်လုပ်ရေးဆိုဒ်ထဲ ကိုယ်တိုင်သွားစစ်ဆေး၍ အင်ဂျင်နီယာနှင့် စကားပြောသည်။ လိုအပ်သည့် ဘိလပ်မြေ၊အုတ်၊ကျောက်၊သဲများ စာရင်းမှတ်ကာ ရုံးခန်းသို့ ပြန်လာတော့ မှူး၏စားပွဲမှာ အနည်းငယ်လက်ရာပျက်နေသည်။ ဝန်ထမ်းများကို လှမ်းကြည့်တော့ ချက်ချင်းခေါင်းငုံ့သွားကြသည်။ ဖုန်းဝင်လာသည်မို့ မှူးနှုတ်ခမ်းကိုက်ကာ အံကြိတ်လိုက်ရသည်။
"ဟဲလိုယမင်း”
“…’’
“ဘာ! နင်ဘာပြောလိုက်တယ်”
ယမင်းက ရုံးရှေ့ ရောက်နေကြောင်း ဖုန်းဆက်လာသဖြင့် မှူးအပြင်ထွက်လာသည်။ ရုံးရှေ့၌ ကားတစ်စီးရပ်ထားပြီး ယမင်းက ကားမှန်ချကာ မျက်စိမျက်နှာပျက်စွာ ထိုင်စောင့်နေသည်။ မှူး ကားတံခါးဖွင့်ကာ ဝင်ထိုင်၍ ယမင်းကို လှည့်ကြည့်လိုက်သည်။
"နင်ခုနကဘာပြောတာလဲ၊ မောင်ဘာဖြစ်တယ်၊ ငါ့ကို ပြန်ပြောစမ်း”
"ငါတောင်းပန်ပါတယ်မှူးရယ်၊ ငါလဲ နောက်မှသိရတာပါ၊ ကိုထက်ရဲ့ညီမလေးနဲ့မို့ ဘာပြောရမှန်းတောင် မသိတော့ဘူး၊ ငါတကယ်တောင်းပန်ပါတယ်''
မှူး ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အနေမိသည်။ ဝမ်းနည်းနာကျင်စိတ်မှာ ရင်ထဲအလှိုက်လှိုက်တက်လာကာ လည်ချောင်းဝတွင် ဆို့နစ်နေသည်။ နာကြည်းစိတ်မှာ မျက်ရည်အသွင်ပြောင်းကာ မျက်ဝန်းအိမ်၌ ပြည့်နှက်လာသော်လည်း ကျမလာပေ။ ဒေါသကြောင့် မျက်နှာမှာ အနည်းငယ်နီမြန်းနေတော့၏။
"နင် ငိုချင်ငိုချလိုက်ပါမှူး၊ တင်းမခံထားနဲ့''
"မငိုဘူး၊ ဒီလိုကောင်အတွက် ငါ့မျက်ရည်တွေ အကုန်မခံဘူး''
"မှူး”
"နင်သိလားယမင်း၊ ငါ့ကိုသဘောကျတဲ့ယောက်ျားတွေအများကြီးရှိရက်နဲ့ ငါ နေ့သစ်ကို ဘာကြောင့်ချစ်သူအဖြစ်ရွေးခဲ့လဲဆိုတာ ငါယုံကြည်ခဲ့မိလို့ပဲ၊ သူကတော့ ငါ့ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးလို့ သူ့မျက်လုံးတွေကို ကြည့်ပြီး ငါယုံခဲ့တာ''
"မှူးရယ် ဘာတတ်နိုင်မှာလဲ၊ နင်တို့က ဖူးစာမပါလို့ပဲ မှတ်လိုက်ပါနော်”
မှူး နှုတ်ခမ်းကို ခနဲ့တဲ့တဲ့ မဲ့ပစ်လိုက်သည်။
“ဖူးစာ၊ ဖူးစာဆိုတာ လူက ဖန်တီးတာယမင်းရယ်၊ ငါ့ကို သစ္စာဖောက်သွားတဲ့အတွက် သူနောင်တ
အကြီးကြီးရစေရမယ်”
မှူး ကားတံခါးကို တွန်းဖွင့်ပြီး ကားပေါ်မှ ဆင်းလာသည်။ ရုံးထဲသို့ ပြန်ဝင်လာတော့ အားလုံးက မှူးကို အကြည့်ပေါင်းစုံနှင့်ကြည့်နေကြသည်။
"ငါပြောသားပဲ၊ အထားခံရမှာပါလို့''
"ငါတော့ လောင်းထားတာရှုံးပါပြီဟယ်၊ ဟိုဓာတ်ပုံဆရာက ငါတို့မန်နေဂျာကို သိပ်ချစ်သလိုနဲ့ ငါယုံမှားမိတော့ ငါ့ရှိစုမဲ့စုလေး ပလုံပါပြီ''
"တိုးတိုးပြောပါဟ၊ ဟိုမှာ ငါတို့မန်နေဂျာလာနေပြီ၊ စိတ်ဆိုးပြီး အလုပ်ဖြုတ်ပစ်နေဦးမယ် လာလာ ကိုယ့်အလုပ်ကိုယ်လုပ်ကြ”
သူတို့တစ်ယောက်တစ်ခွန်းပြောနေသံများမှာ မှူးနားထဲ သံရည်ပူလောင်းထည့်နေသလို ဝင်လာနေသည်။ အပွှန်းအပဲ့မခံနိုင်သည့်မာနမှာ ရစရာမရှိအောင် လူတကာပါးစပ်ဖျား တိုက်စားခံနေရပြီး စိတ်ခံစားမှုမှာ အကြီးအကျယ်ထိုးနှက်ခံလိုက်ရသည်။ အသားတဆတ်ဆတ်တုန်အောင် ခံပြင်းလာသည်။ ခြေလှမ်းတွေ မယိုင်အောင် ထိန်းရင်း လက်သီးဆုပ်ထားမိသည်။
"ဒီလိုဆိုတော့ ညည်းတို့မန်နေဂျာ သနားစရာလေးပါလား၊ အသည်းကွဲပြီးအလုပ်မလုပ်နိုင်မှာစိုးမိတယ်''
"စုလေးနိုင် နင့်ပါးစပ်ကို ပိတ်ထားစမ်း’’
မကြားကြားအောင် လှမ်းပြောနေသဖြင့် သည်းမခံနိုင်စွာ ဒေါသတကြီး အော်ပစ်လိုက်သည်။ စုလေးနိုင်က မှူးဆီသို့ လက်ပိုက်ပြီးလျှောက်လာနေသည်။ သရော်ပြုံးများပြုံးထား၏။
"နင်ပြောတော့ ဘာလဲ၊ မောင်က ငါ့ကို ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူးဆိုလား၊ ခစ်ခစ် အခုတော့ ဘာဖြစ်ပြီလဲဟယ်၊ နင့်အစား ငါရှက်လိုက်တာနော်၊ အစတည်းက ဘဝင်မမြင့်ဘဲ နေခဲ့ရမှာပေါ့၊ နင် အသည်းကွဲပုံက သိပ်သနားစရာကောင်းလွန်းလို့ ငါတောင် ငိုချင်လာပြီဟယ်”
ဤဒေါသကို မှူးမထိန်းနိုင်တော့ပေ။ သတ်ပစ်ချင်လောက်အောင် စိတ်တိုလာတော့ စားပွဲပေါ်မှ ဖုန်းဖြင့် စုလေးနိုင်ကို ကောက်ပေါက်ပစ်လိုက်သည်။
"ခွပ်”
"ဟင့်! တေးယစ်မှူး နင့်ကို ဆရာ့ဆီ တိုင်ပြီး အလုပ်ထုတ်ခိုင်းမယ်''
စုလေးနိုင်က နဖူးပေါက်သွားပြီး မှူးကို ပါးရိုက်ရန် လက်ရွယ်လာသည်။ မှူး စုလေးနိုင်လက်ကို ဖမ်းကာ အရှိန်ပြင်းပြင်းတွန်းပစ်လိုက်သည်။ စုလေးနိုင်လဲကျသွား၏။
"တေးယစ်မှူး၊ နင်''
"တိုင်လေကောင်မ၊ တေးယစ်မှူးကတော့ I don’t careပဲ”
မှူး ကိုယ့်ပစ္စည်းများ ကောက်သိမ်းကာ ခပ်ချေချေမျက်နှာဖြင့် ရုံးမှ ထွက်လာခဲ့သည်။ အသည်းကွဲခြင်းဆိိုထက် ခံပြင်းစိတ် ဒေါသစိတ်များမှာ မှူးကိုယ်ထဲ တဝုန်းဝုန်းတောက်လောင်နေသည်။
ဖောက်ပြန်တာ သစ္စာဖောက်တာလောက် ဘဝမှာ ရွံမုန်းတဲ့အရာမရှိတော့။ မောင်က မှူးရဲ့မာနကို ရိုက်ချိုးပစ်လိုက်တာ။ မှူးအရှက်ကွဲသလို မှူးနာကျင်ရသလို မှူးစားရသလို မှူးခံပြင်းသလို မောင် သေချာပေါက်ခံစားရအောင် မှူးလုပ်ပြမယ်။ စောင့်နေလိုက်ပါ။ မောင့်ရဲ့မှူးက မာနပဲ ကြီးတာမဟုတ်ဘူး။ ကြောက်စရာလည်း ကောင်းတယ်ဆိုတာသိစေရမယ်။
====
ဆက်ရန်။
#ကြွေ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now