အပိုင်း( ၃ )

Start from the beginning
                                    

"မှူး မောင့်ကို စိတ်မဆိုးပါနဲ့၊ မှူးတို့လက်ဆွဲနှုတ်ဆက်နေတာတွေ့တော့ မောင်သဝန်တိုသွားလို့ပါ၊ ကလေးဆန်ခဲ့မိတဲ့အတွက် မောင်တောင်းပန်တယ်နော်''

"ဟုတ်ပြီ၊ ထားလိုက်တော့''

မှူးက လက်ကို မရမကရုန်းဖယ်၍ ကားထဲဝင်သွားတော့ နေ့သစ် ဆံပင်တွေကိုဆွဲဖွပစ်ရင်း ရပ်နေမိလေသည်။ မှူး၏ ကားထွက်သွားချိန် နေ့သစ် ကိုယ့်ကိုယ်ကိုယ် စိတ်တိုစွာ ရေသန့်ဘူးခွံကိုခြေထောက်ဖြင့် လှမ်းကန်ပစ်လိုက်သည်။ ကားပွဲစားတန်းကို ပြန်ထွက်လာကာ မှူး ဤနေရာ၌ ဘာလာလုပ်သလဲ အခြားသူများကို လိုက်မေးရသည်။ အခြားသူများပြောပြ၍သိရသည်မှာ မှူး ဤနေရာ၌ ပွဲစားမှတစ်ဆင့် ကားလာရောင်းကြောင်းသိရသည်။

မှူးက ဘာကြောင့် ကားရောင်းရသလဲ မှူး၌ ဘာအခက်အခဲဖြစ်နေသလဲ နေ့သစ်မသိခဲ့ပေ။ နေ့သစ် စိတ်ပူသဖြင့် မှူးနောက်သို့ အမြန်လိုက်ရတော့သည်။ မှူးနေသည့်တိုက်ခန်းရောက်တော့ အဆူခံရမှာ ကြိုပြင်ဆင်ရင်း ဘဲလ်နှိပ်လိုက်သည်။ နေ့သစ်ရပ်စောင့်နေပြီး တစ်အောင့်ကြာတော့မှ မှူးက တံခါးလာဖွင့်လေသည်။ နေ့သစ်ကိုမြင်စဥ် မျက်စောင်းတစ်ချက် ဒိုင်းခနဲရောက်လာတော့ နေ့သစ်ရယ်ပြီး တိုက်ခန်းထဲ အတင်းတိုးဝင်လိုက်လေသည်။

မှူးက ဘာမှမပြောတော့ဘဲ တံခါးပြန်ပိတ်ကာ မီးဖိုချောင်သို့ ဝင်သွားလေသည်။ နေ့သစ် လေပူတစ်ချက်မှုတ်ထုတ်ကာ ခေါင်းကုပ်နေမိသည်။ နေ့သစ် မီးဖိုချောင်ထဲဝင်လိုက်သွားတော့ မှူးက သံပရာရည်ဖျော်နေလေသည်။ နေ့သစ် မျက်နှာကို အစွမ်းကုန်ညှိုး၍ မှူး၏ခါးသိမ်​လေးကို နောက်မှ အသာလေးဖက်လိုက်ရင်း ငြိမ်နေလိုက်သည်။

"ဘာလုပ်တာလဲ၊ ဖယ်ပါ”

မှူးက လေသံမာဆတ်ဆတ်အော်တော့ နေ့သစ်လန့်သွားသည်။ ပုံမှန်ဆိုလျှင် သူမခါးဖက်ရုံဖြင့် မှူးဤမျှရန်မလို။ စိတ်ဆိုးနေ၍ဟုတွေးကာ နေ့သစ်ပိုတိုးဖက်လိုက်လေသည်။

"မှူး အခုစိတ်မကြည်ဘူး၊ ဘာတွေပြောမိမယ်ဆိုတာ တာဝန်မယူဘူး၊ နောက်မှမှူးလွန်တယ်မပြောနဲ့''

"မောင်ကလေ မှူးကို အရမ်း အရမ်း ပြောမပြတတ်အောင်ချစ်တာ၊ မောင့်ဘဝက မှူးပဲ၊ မှူးလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးချင်တာ မောင့်ဆန္ဒပါ''

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now