အပိုင်း( ၁ )

Start from the beginning
                                    

"မြေးမလေးက အဘွားငယ်ငယ်ကအတိုင်း မိန်းမချောလေးပဲ၊ နာမည်ဘယ်လိုခေါ်လဲကွယ်''

"သွင်...သွင်ရိပ်ချိုပါဘွားဘွား"

"အသက်ကရောကွယ့်''

"တစ်ဆယ့်ရှစ်နှစ်ပါဘွားဘွား''

အဘွားက ဒီအရွယ်တောင် ရှိသွားပြီလားဟူသည့်အပြုံးဖြင့် ဆိုဖာတွင် ထိုင်နေသောဦးလေးကို လှည့်ကြည့်သည်။

"မင်းမိန်းမမြင့်မာချိုရော ဘယ်မလဲကွယ့်မောင်မျိုးနိုင်''

"ချိုက သမီးနဲ့အတူ shoppingထွက်သွားတာအမေ၊ ပြန်လာတော့မှာပါ''

"အခုဖုန်းဆက် မြန်မြန်ပြန်လာခဲ့ သူ့သမီးသွင်ရိပ်ရောက်နေတယ်လို့ပြောလိုက်ကြားလား''

ဦးမျိုးနိုင်က သွင်ရိပ်ကို မနှစ်သက်သလို ခပ်စိမ်းစိမ်းကြည့်ပြီး ဖုန်းဆက်ရန် ထထွက်သွားလေသည်။ အဘွားကစိတ်ပျက်သွားဟန် သက်ပြင်းမောချရင်း သွင်ရိပ်ကို အနားရှိ ခုံတွင် ထိုင်စေလေသည်။

"လာထိုင်ပါဦးကွယ်၊ မြေးလေးအဖေရဲ့နာရေးရော အဆင်ပြေပြေပြီးသွားရဲ့လား''

"ဟုတ်ဘွားဘွား၊ အိမ်နီးနားချင်းတွေက သွင်ရိပ်ကို ကူညီပေးကြတယ်''

"ဘွားဘွားလည်း ကြားကြားချင်းစိတ်မကောင်းပါဘူးကွယ်၊ အသက်ကြီးတော့လာလို့ မရောက်ဘူး၊ ဒါကြောင့် မြေးလေးရဲ့အကိုကြီးမောင်ထက်နောင်ကိုပဲ မြေးလေးကို ခေါ်လာခိုင်းလိုက်ရတာ၊ ဘာမှအားမငယ်နဲ့ကွယ်၊ မြေးလေးမှာ အဖေမရှိတော့ပေမဲ့ အဘွားရှိတယ်ကွယ့်''

သွင်ရိပ်ခေါင်းညိတ်ကာ ခုံတွင် ညှိုးငယ်စွာ ထိုင်နေမိသည်။ အားမငယ်နှင့်ဆိုမှ အားငယ်စိတ်ပိုဝင်ကာ ငိုချင်လာသည်။ အဖေ့ကို သတိရမိသည်။

ထိုစဥ် အသက်၂၅နှစ်အရွယ်ခပ်ချောချောအမျိုးသမီးတစ်ယောက်သည် တစ်နှစ်အရွယ်ကလေးတစ်ဦးကို ချီပြီး လေးနှစ်အရွယ်ကလေးတစ်ယောက်ကို လက်ဆွဲကာ သွင်ရိပ်တို့ဆီ လျှောက်လာနေကြသည်။ ကိုထက်နောင်က ထိုမိန်းကလေးလက်ထဲမှ ကလေးကို ပွေ့ချီကာ သွင်ရိပ်ဘေး၌ ဝင်ထိုင်လေသည်။ ထိုမိန်းကလေးက လေးနှစ်အရွယ်သားနှင့်အတူ ရှေ့က ခုံတွင် ဝင်ထိုင်ကာ သွင်ရိပ်ကို ပြုံးပြလေသည်။

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now