မင်းသုခကမွေးကတည်းက ချစ်မွှေးပါလာသည်ကိုတော့ သုတလက်ခံလိုက်သည်။ အိပ်ချင်မူးတူး၊ ကြောင်ချီးကုပ်ရုပ်ကလေးနှင့်ပင် ဖောင်းအိနေသည့် ပါးနှစ်ဖက်ကို ဖက်နမ်းချင်စိတ်တို့က တဖွားဖွားဖြစ်စေပြန်သည်မလား။

"ကဲ ကိုယ်တော်ချော မျက်နှာသစ်၊ သွားတိုက်"

"ဟုတ်"

"နှပ်ချေးလည်းညှစ်ခဲ့ဦး"

ရုတ်တရက် မင်းသုတပါးပေါ်တစ်ခုခုသုတ်လိုက်သည့်သုခ။ ကိုးနှစ်သားနှင့်ယှဉ်လျှင် အနည်းငယ် ကြီးနေသည့် နှပ်ချေးဖပ်က သုတပါးမှာ ကပ်လို့။ ခြေမြန်လက်မြန်ပါပဲ။ လူကတော့ ရေချိုးခန်းရှိရာ အပြေးတစ်ပိုင်းဖြင့်ဝင်သွားလေရဲ့။

"ခခ။ အေး မင်း တွေ့မယ် ငါနဲ့"

"ဆောင်းတွင်းဆို နှပ်ညှစ်လို့မရဘူးလေ။ ပြောလည်း ကိုကိုကြီးက ယုံမှာမှမဟုတ်တာ။ နှပ်ချေးဖပ်ကသက်သေပဲ"

ရေချိုးခန်းအတွင်းမှ အော်ဟစ်နေသည့် မင်းသုခစကားကြောင့် သုတ ပြုံးလိုက်သည်။ ခွန်းတုံ့ပြန်မနေဘဲ အောက်ဆင်းလာတော့ ဒေါ်အုန်းမေပင် မတွေ့ရတော့။ စျေးသွားနှင့်ပြီဖြစ်မည်။ စားပွဲပေါ်မှာတော့ ထုံးစံအတိုင်း သူတို့ညီအစ်ကိုအတွက် မနက်စာက အဆင်သင့်ဖြင့်။ ကြီးမေပြင်ပေးထားသည့် မနက်စာကို အဆင်သင့်စားရင်း ထုံးစံအတိုင်း သုတက စာအုပ်တစ်ဖက်ဖြင့်။

"သားသု ခုထိအင်္ကျီမလဲရသေးဘူးလား။ ကျောင်းနောက်ကျတော့မှာပဲ"

ဒေါ်အုန်းမေက အရင်လို သန်သန်မာမာ သွက်သွက်လက်လက်တော့မဟုတ်တော့။ အချိန်တွေကုန်လာသည်နှင့် သူမသည်လည်း အသက်ခြောက်ဆယ်ကျော်ဝန်းကျင်ထဲရောက်လာပြီမလား။

"ဒ်ီနေ့ကျောင်းမသွားဘူး ကြီးမေ"

"ဟဲ့ ဘာဖြစ်လို့တုန်း။ မှန်းစမ်း။ ကိုယ်လည်းမပူပါဘူး"

ကပျာကယာ စျေးခြင်းတောင်းချပြီး သုတနဖူးပေါ်တစ်ဖက်၊ ကိုယ်တိုင်နဖူးပေါ်တစ်ဖက် ကိုယ်ပူစမ်းနေသည့် ကြီးမေက သုတအတွက်တော့ ဆွေမျိုးရင်းချာထက်ပင် ပိုလေသည်။

"မဟုတ်ပါဘူး ကြီးမေရာ။ အဖေတို့ မရှိတော့ ခခကို ကျောင်းပို့၊ ကျောင်းကြို လုပ်ရမယ်လေ"

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now